ရန်ကုန်၊ ဇူလိုင် ၂၂
စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် ယနေ့ ဇူလိုင်လ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် “PDF က ချ ပြည်သူကကြွ၊ ဒေါ်လာပြန်စု ဒေါ်စုပြန်လာ” ကြွေးကြော်သံများဖြင့် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ဆန္ဒပြပွဲတွင် “ဒို့မြေပြင်က ပြည်သူ့အသံ NUG ထံကြားသိစေသား” ၊ “ဒို့မြေပြင်က PDF အသံ ဒို့ပြည်သူများကြားသိစေသား” ၊ “ပြည်သူ့အသံသာ ပြည်သူ့အာဏာ” ၊ “မြေပြင်အသံ မှန်ကန်မှ ဖက်ဒရယ် ရှင်သန်မယ်” ၊ “၅/ကနန” စာသားများ ကိုင်ဆောင်ကာ ချီတက်ခဲ့ပြီး NUG ကာကွယ်ရေး အလံတော်အား အလေးပြုခြင်း၊ ခေတ်အဆက်ဆက်နှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံး ကြွေလွင့်သွားသော အာဇာနည်များ၊ ရဟန်းရှင်လူ ကျောင်းသားပြည်သူများအား ဦးညွတ်အလေးပြုခြင်း ၊ ကျဆုံးသွားသော အာဇာနည်သူရဲကောင်း အားလုံးတို့အား လွမ်းဆွတ်တမ်းတသတိရသောအားဖြင့် တစ်မိနစ်ငြိမ်သက်ခြင်း၊ သွေးစည်းညီညွတ်ရေး အာဏာရှင်ဆန့်ကျင်ရေး တေးသီချင်းများ သံပြိုင်သီဆိုခဲ့ပြီး သပိတ်ဦးဆောင်သူများနှင့် CRSH လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ စစ်အာဏာရှင် ဆန့်ကျင်ရေးတရားများ ဟောပြောခဲ့ကြောင်း သိရသည်။



