ရန်ကုန်၊ ဇူလိုင် ၂၅
အကြမ်းဖက်စစ်ကောင်စီက ဦးဖြိုးဇေယျာသော်၊ ဦးဂျင်မီ၊ ဦးလှမျိုေးအာင်နှင့် ဦးအောင်သူရဇော်တို့ကို သေဒဏ်စီရင် သတ်ဖြတ်လိုက်မှုသည် တရားဥပဒေနှင့် မကိုက်ညီဘဲ လူမဆန် တရားနည်းလမ်းမကျသဖြင့် ပြင်းပြင်းထန်ထန် ကန့် ကွက်ရှုတ်ချကြောင်း တိုင်းရင်းသားနိုင်ငံရေးပါတီ ၁၃ ခုဖြင့် ဖွဲ့စည်းထားသော စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် UNA က ကြေညာ ချက် ထုတ်ပြန်သည်။
“မဆလခေတ် ဦးနေဝင်းလက်ထက်မှာလည်း ဒီလိုပဲ ဆလိုင်းတင်မောင်ဦးကို စိရင်ခဲ့တယ်။ အခုလည်း ထပ်ပြီး စီရင်တယ်။ ကျနော်တို့ နိုင်ငံရဲ့ သမိုင်းကြောင်းက ကမ္ဘာ့အလယ်မှာ အရှက်ရစရာဖြစ်တယ်။ နောက်တစ်ခုကတော့ ရင်ကြား စေ့ရေးဆိုတဲ့ စေ့စပ်ဆွေးနွေးရေးက အတော်ကို မလွယ်တော့ဘူး။ ရန်ငါစည်းပြတ်ကုန်ကြပြီ။ ရှေ့လျှောက် ဒီထက်ပိုဆိုးလာဖို့ပဲရှိပါတယ်” ဟု UNA မှ ပြောခွင့်ရလည်းဖြစ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှုး ဦးမျိုးကျော်က ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီ၏ သေဒဏ်စီရင်ခြင်းသည် မတရားသေဒဏ်စီရင်ခြင်းဖြစ်ပြီး နိုင်ငံ့အာဏာကို မတရားသိမ်းယူထားသည့် စစ်ကောင်စီ၏ တိုင်းသူပြည်သားတို့အပေါ် ပြစ်မှုကျူးလွန်သော လူမဆန်သည့် လုပ်ရပ်အဖြစ် မှတ်ကျောက်တင်ထားရမည်ဟု ထုတ်ပြန်ကြေညာသည်။
UNA တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ ကယန်းအမျိုးသားပါတီ၊ ကချင်အမျိုးသားကွန်ဂရက်ပါတီ၊ ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ၊ ကရင်အမျိုးသားပါတီ၊ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ၊ ခူမီး(ခမီး)အမျိုးသားပါတီ၊ မြိုအမျိုးသားဒီမိုကရေစီပါတီ၊ ဒိုင်းနက် လူမျိုးများ တိုးတက်ရေးပါတီ၊ ညီညွတ်သော တိုင်းရင်သားလူမျိုးများ ဒီမိုကရေစီပါတီ စုစုပေါင်း ပါတီ ၁၃ ပါတီပါဝင်သည်။