29 C
Yangon

မင်းအောင်လှိုင်က ဒီမိုကရေစီအရေးလှုပ်ရှားသူ ၄ ဦးကို သတ်ဖြတ်မှု တောင်ကိုရီးယားလွှတ်တော်အမတ်များအပါအဝင် ကိုရီးယားပြည်သူ့အဖွဲ့အစည်း ၁၀၆ ဖွဲ့က ကန့်ကွက်ရှုတ်ချ၊ စစ်တပ်အနေဖြင့် ကျိန်းသေ ပြန်လည် ပေးဆပ်ရမည်ဟုသတိပေး

Must read

ရန်ကုန်၊ ဇူလိုင် ၂၈

အကြမ်းဖက်မင်းအောင်လှိုင်ဦးဆောင်သော စစ်ကောင်စီက ဒီမိုကရေစီအရေးလှုပ်ရှားသူ ၄ ဦးကို သတ်ဖြတ်မှုအပေါ် တောင်ကိုရီးယားလွှတ်တော်အမတ်များအပါအဝင် ကိုရီးယားပြည်သူ့အဖွဲ့အစည်း ၁၀၆ ဖွဲ့က ပြင်းပြင်းထန်ထန်ကန့် ကွက်ရှုတ်ချလိုက်ကြပြီး စစ်တပ်အနေဖြင့် ထိုလုပ်ရပ်အတွက် ကျိန်းသေ ပြန်လည် ပေးဆပ်ရမည်ဟု သတိပေး ပြောဆိုလိုက်သည်။

ဇူလိုင်လ ၂၈ ရက်နေ့ ကြာသပတေးနေ့ တောင်ကိုးရီးယားစံတော်ချိန် နံနက်၉ နာရီ ၂၀မိနစ် အချိန်တွင် ကိုးရီးယားလွှတ်တော် ၊သတင်းစာရှင်းလင်းပွဲခန်းမဆောင်တွင် မြန်မာ့နွေဦးတော်လှန်ရေးကို အားပေးထောက်ခံသော ကိုးရီးယားလွှတ်တော်အမတ်များအဖွဲ့မှ လွှတ်တော် အမတ် မစ္စယုံဟဲ့အင် ဦးဆောင်၍ ကိုးရီးယားပြည်သူ့အဖွဲ့အစည်း ၁၀၆ ဖွဲ့နှင့် ပူးပေါင်းကာ သတင်းစာရှင်းလင်းပွဲကျင်းပပြီး မင်းအောင်လှိုင် ဦးဆောင်သောမြန်မာစစ်တပ် ခွင့်မလွှတ်နိုင်သော သေဒဏ်စီရင်မှုကို ကျူးလွန်သဖြင့် ကန့်ကွက်ရှုံချကြောင်း ကြေညာချက် ထုတ်ပြန် သည်။

၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကျော်မင်းယု (ခ) ဦးဂျင်းမီ ၊ အမျို းသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော် ၊ ဦးလှမျိုးအောင် နှင့် ဦးအောင်သူရဇော် တို့ကို စစ်တပ်က သေ ဒဏ် စီရင်မှုသည် ခွင့်မလွှတ်နိုင်သော လုပ်ရပ်ဖြစ်ပြီး ထို ကျူးလွန်မှုအတွက် မြန်မာစစ်တပ်အနေဖြင့် ကျိန်းသေပေါက် ပြန်လည်ပေးဆပ်ရမည်ဟု ပြောဆိုသည်။

“မြန်မာစစ်တပ်၏ ခွင့်မလွှတ်နိုင်တဲ့ သေဒဏ်စီရင်မှုကို ရှုတ်ချပါတယ်။ မြန်မာစစ်တပ်၏ ခွင့်မလွှတ်နိုင်တဲ့ သေဒဏ်စီရင်မှုကို ရှုတ်ချပါတယ်။ မြန်မာစစ်တပ်က ကျိန်းသေပေါက် ပြန်လည်ပေးဆပ်ရမယ် ” ဟု ကိုရီးယားပြည်သူ့အဖွဲ့ ၁၀၆ ဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။

တရားမဝင် အာဏာသိမ်း စစ်ကောင်စီအနေဖြင့် သေဒဏ်စီရင်မှုကို အတင်း အကျပ်ပြုလုပ်မည်ဆိုပါက နိုင်ငံတကာ အသိုင်းအဝိုင်းအား ရန်စမှုတစ်ခုအဖြစ် မှတ်ယူမည်ဖြစ်ကြောင်း၊ ကွပ်မျက်မှုကို ချက်ချင်း ရုပ်သိမ်းရန် မြန်မာစစ်တပ်အား ပြင်းထန်သော သတိပေးချက် ထုတ်ပြန်ထားခဲ့သော်လည်း ဒီမိုကရေစီအရေး လှုပ်ရှားသူများကို သတ်ဖြတ်ပြီး အလောင်းများကိုပင် ကျန်ရစ်သူမိ သားစုထံ လွှဲပြောင်းပေးရန် ငြင်းဆိုခဲ့ပြီး ကျန်ရစ်သူမိသားစုများအတွက် ပိုပြီး ဝမ်း နည်းစေခဲ့ကြောင်း၊ စစ်တပ်က လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ပိုမို ကျူးလွန်နိုင်စွမ်းရှိသော အုပ်စုဖြစ်ကြောင်း သက်သေပြခဲ့ခြင်းသာ ဖြစ်ကြောင်း၊ မြန်မာစစ်တပ်နှင့် အလုပ် လုပ်ကိုင်နေသော တောင်ကိုရီးယားကုမ္ပဏီများကို ထပ်မံသတိပေးလိုက်ကြောင်း သိရှိရသည်။

ထို့ပြင် တောင်ကိုရီးယား ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများအတွက် အစိုးရအနေဖြင့် မူအရ တုံ့ပြန်ဆောင်ရွက်မှုနှင့် အတူ သက်ဆိုင်သော ဥပဒေနှင့် စနစ်များကို ယခုမှစတင်ပြီး ပြုပြင်ပြောင်းလဲ အရေးယူရန် လိုအပ်ကြောင်း ကြေညာချက်တွင် တိုက်တွန်းထားသည်။

ယင်းနောက် ဇူလိုင်လ ၂၈ ရက်နေ့ ကိုရီးယားဒေသစံတော်ချိန် နံနက် ၁၀ နာရီ တိတိအချိန်တွင် တောင်ကိုရီးယား လွတ်တော်အတွင်းရှိ အစည်းဝေးခန်းမဆောင် အမှတ်(၃)တွင် Myanmar Revolution Forumကို ကျင်းပပြုလုပ်ခဲ့သည်။

ထို Forumကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ၏ ကိုရီးယား သမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စာလှယ်ရုံးမှ ကမကထပြုကာ ကိုရီးယားနိုင်ငံ၏ အခြေခံ လစာပါတီမှ လွှတ်တော်အမတ်ဖြစ်သူ မစ္စယုန်ဟဲအင် နှင့် ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်အမတ်ဖြစ်သူ မစ္စတာ ဂိုယောင်အင် တို့မှ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ Forum သို့ မြန်မာ့ဒီမိုကရေစီအရေးကို စိတ်ပါဝင်စားကြသည့် ကိုရီးယားလွှတ်တော်အမတ်များ၊ကိုရီးယား တက္ကသိုလ်အချို့မှ ပါမောက္ခများ၊တတ်သိပညာရှင်များ ကိုရီးယားနိုင်ငံရှိ အစိုးရမဟုတ်သော NGOs အဖွဲ့အစည်းများမှ ဦးဆောင်သူများအပါအဝင် မြန်မာ့အဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များ၊ အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ နှင့် မြန်မာ့နိုင်ငံအရေးကို စိတ်ပါဝင်စားကြသည့် ကိုရီးယားနိုင်ငံရှိ မြန်မာနိုင်ငံသားများ စုစုပေါင်း လူဦးရေ (၆၀) ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ထို Forumသို့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွှတ်ရေး အစိုးရ၏ နိုင်ငံခြားရေး ဝန်ကြီးဌာမှ ပြည်ထောင်စု ဝန်ကြီး ဒေါ်ဇင်မာအောင် ကလည်း အခန်းအနား အဖွင့်မိန့်ခွန်းကို ဗွီဒီယို ရုပ်သံဖိုင်ဖြင့်ပေးပို့ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားအစီအစဉ်များအရ အမျိုးသားညီညွှတ်ရေးအစိုးရ၏ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်း၊ကိုရီးယား လွတ်တော်အမတ်များဖြစ်ကြသည့် မစ္စ ယုန်ဟဲအင်းနှင့် မစ္စတာ ဂိုယောင်အင်း တို့က အဖွင့် နူတ်ခွန်းဆက်စကားများကို ပြောကြားခဲ့ပြီးနောက် အမျိုးသား ညီညွှတ်ရေးအစိုးရ၏ နိုင်ငံရေးလမ်းစဉ်နှင့် မူဝါဒများ ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းများနှင့် NUG ၏ အခန်း ကဏ္ဌ ၊ NUGအစိုးရ၏ ဘဏ္ဍာရေးဆိုင်ရာစိန်ခေါ်မှုများနှင့် ထောက်ပံ့ရေးဆိုင်ရာ နည်းဗျူဟာ အစရှိသည်တို့ကို ကိုရီးယားနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးမှ တာဝန်ခံများက ဆွေးနွေးတင်ပြခဲ့ကြောင်း သိရှိရ သည်။

ထို့နောက် မွန်းလွဲ (၁)နာရီတိတိ အချိန်တွင် ဒုတိယပိုင်း အစီအစဉ်ကို ဆက် လက်ကျင်းပရာ လက်ရှိမြန်မာ့ စီးပွားရေးအခြေအနေများနှင့် CDM ၊ အလုပ် သမားများ၏ အခက်အခဲများ ၊ စစ်ပြေးဒုက္ခသည်များ (refuge)နှင့် စစ်ရှောင်ပြည်သူများ(IDPs)၏ အခြေအနေ ၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးလှုပ်ရှားမှုများ ၊ မြန်မာ့နွေဦးတော်လှန်ရေးအား သုံးသပ်ခြင်းနှင့် ကိုရီးယား အစိုးရနှင့် လူမှုအသိုင်းအဝန်းသို့ တင်ပြတောင်းဆိုခြင်း အစရှိသည့် အကြောင်းအရာတို့ကို ကိုရီးယားနိုင်ငံဆိုင်ရာ NUG ကိုယ် စားလှယ်ရုံးမှ တာဝန်ခံများက ဆွေးနွေးတင်ပြခဲ့ကြပြီးနောက် အပြန်အလှန်အမေးအဖြေ ကဏ္ဍများနှင့် သုံးသပ်ဆွေးနွေးခြင်း အစီအစဉ်များကို ဆက်လက် ပြုလုပ်ခဲ့ကြပြီး အခမ်းအနားကို ညနေ (၄)နာရီ အချိန်တွင် အောင်မြင်စွာဖြင့် ပြီးဆုံးကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article