ရန်ကုန်၊ ဩဂုတ် ၂
ရှမ်းပြည်နယ်၊ မူဆယ်မြို့မရဲစခန်းအနီးတွင် ယမန်နေ့ ဩဂုတ်လ ၁ ရက်နေ့ ည ၉ နာရီအချိန် ဗုံးပေါက်ကွဲမှုနှင့်ပစ်ခတ်မှုဖြစ်ပွားကာ ပြည်သူ့စစ် ၁ ဦးသေဆုံးကြောင်း မူဆယ်မြို့ခံများထံမှ သိရှိရသည်။
ဩဂုတ်လ ၁ ရက်နေ့ ည ၉ နာရီကျော်အချိန် ရှမ်းပြည်နယ်၊ မူဆယ်မြို့ရဲစခန်းအနီးတွင် ပစ်ခတ်သံ ၅ ချက်ကြားရကြောင်း၊ဗုံးပေါက်ကွဲသံလည်းကြားရကြောင်း၊ ယမန်နေ့ညပိုင်း ဗုံးပေါက်ကွဲမှုကြောင့် ပြည်သူ့စစ် ၁ ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။
ထို့ပြင် ယနေ့ နေ့လယ်ပိုင်းတွင် မူဆယ်မြို့လယ်ခေါင် စျေးမီးပွိုင့်အနီးတွင် ယနေ့ နံနက် ၁၁ နာရီအချိန် ကားဖြင့် လာသော စစ်တပ်လက် အောက်ခံ ပြည်သူ့စစ် ၂ ဦးကို ဆိုင်ကယ်စီး သေနတ်သမားတချို့က သေနတ်ဖြင့် ပစ်ခတ်သဖြင့် ပြည်သူ့စစ် ၂ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။
“ကားက မီးပွိုင့်ရပ်နေတုန်း ဆိုင်ကယ်နဲ့ ပစ်သွားတာ။ ထိခိုက်တာက ပြည် သူ့စစ်တွေပဲ။ မနေ့ညကလည်း မူဆယ်ရဲစခန်းနား ဗုံးပေါက်တာက ပြည်သူ့စစ် ၁ ဦးသေပါတယ်။ မူဆယ်မှာ အခု ရှုပ်ထွေးနေတယ်။ လောင်းကစားရုံတွေ ဗုံးကွဲတယ်၊ လောင်းကစားကုမ္ပဏီတွေ ဝင်ဖမ်းတာတွေဖြစ်တယ်။ အတော်ရှုပ်ထွေးနေတယ်” ဟု မူဆယ်မြို့ခံတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ- ယနေ့ နံနက် ၁၁ နာရီတွင် မူဆယ်မြို့လယ်ခေါင်တွင် ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာရရှိသွားသော စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ၁ ဦး။