ရန်ကုန်၊ ဩဂုတ် ၃
အကြမ်းဖက်စစ်တပ်နှင့် စသုံးလုံး၏ ဖမ်းဆီးမှုများကြောင့် ရွှေနှင့်ဒေါ်လာ ပြင်ပစျေးကွက်မှာ လုံး၀ ရပ်ဆိုင်းလုနီးပါးဖြစ်နေပြီး စျေးနှုန်းသတ်မှတ်ချက်တွင်မူ ဒေါ်လာပေါက်စျေးသည် တစ်ဒေါ်လာ ၂၆၂၀ ကျပ်နှင့် ရွှေစျေးမှာ အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားလျှင် ၂၄ သိန်းရောက်ရှိသွားပြီဖြစ်ကြောင်း စျေးကွက်အတွင်းမှ သိရှိရသည်။
“ရွှေကုန်သည်နဲ့ ရွှေဆိုင်တွေကို အစည်းအဝေးဆိုပြီး ခေါ်တယ်။ ဘာမှ မပြောဘဲ ထိုင်ခိုင်းထားတယ်။ ညနေ ပြန်လွှတ်တယ်။ နောက်နေ့လည်း အစည်းအဝေးဆိုပြီး ထပ်ခေါ်တယ်။ ညမိုးချုပ်မှ ပြန်လွှတ်တယ်။ အဲဒါမျိုးတွေ လုပ်တယ်။ အခု ဒေါ်လာ အရောင်းအဝယ် နာမည်ထွက်တဲ့သူတွေလည်း ကျော်ဇောမှုနဲ့ ဖမ်းတယ်။ စသုံးလုံးက ။ ဘယ်သူမှ လည်း အရောင်းအဝယ်မလုပ်တော့ဘူး။ ရှောင်တဲ့သူလည်း ရှောင်ကြတယ်။ စျေးနှုန်းသတ်မှတ်ချက်တော့ ရှိပေမယ့် အရောင်းအဝယ်မဖြစ်ဘူး။ စျေးကွက်က ပျက်နေတယ်” ဟု ရွှေဘုံသာလမ်းမှ ရွှေကုန်သည်တစ်ဦးက ပြောသည်။
စသုံးလုံးနှင့် စစ်တပ် ၏ ဖိအားပေးမှုများကြောင့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ ရွှေစျေးနှုန်းမှာမူအခေါက်ရွှေတစ်ကျပ်သားလျှင် ၂၀၆၀၀၀၀ ကျပ်သာရှိပြီး ယင်းစျေးသည် အရောင်းလည်းမရှိ၊ အဝယ်လည်း မရှိသော စျေးနှုန်းဖြစ်ကြောင်း သိရှိရသည်။
ဩဂုတ် ၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန် စျေးကွက်ပေါက်စျေးမှာ တစ်ဒေါ်လာလျှင် ၂၆၁၀ နှင့် ၂၆၅၀ ကျပ်အကြား၊ အခေါက်ရွှေတစ်ကျပ်သားလျှင် ၂၃ သိန်း ၉ သောင်း ရှစ်ထောင် (၂၄ သိန်းနီးပါး) စျေးပေါက်လျက်ရှိပြီး ရွှေနှင့်ဒေါ်လာ ဝယ်၍ မရဟု သိရှိရသည်။
“စျေးက သတ်မှတ်ချက်လေးရှိရင် ခင်ဗျားကြိုက်ရင် စျေးပိုပေးဝယ်၊ လိုချင်တဲ့စျေးရရင် ထုတ်ရောင်း ။ အဲဒီပုံစံပဲရှိတယ်။ ကြိုက်ရောင်းကြိုက်ဝယ်ပဲ။ စျေးကွက်တော့ ပျက်သွားပြီ” ဟု ဒေါ်လာလက်ကြီးဒိုင်တစ်ဦးက ပြောသည်။
စျေးကွက်ကျွမ်းကျင်သူ ဝါရင့်ဒေါ်လာနှင့်ရွှေကုန်သည်များကမူ များမကြာမီ ရက်ပိုင်းအတွင်း အမေရိကန်တစ်ဒေါ်လာ ငွေကျပ် ၃၀၀၀ ရောက်ရှိလိမ့်မည်ဟု သုံးသပ်ပြောဆိုသည်။