38 C
Yangon

ရေးမြို့နယ် လ၀ကရုံးပစ်ခတ်ခံရပြီး ၅ ဦးသေဆုံး၊ မအီရဲစခန်းမှ နယ်ထိန်းရဲ ဒုတပ်ကြပ်ထွန်းရွှေကို AA က ဖမ်းဆီး၊ ဖားကန့်တွင် စခန်းမှူးဒုရဲမှူးကိုကိုလွင်နှင့်ဒုအရာခံဗိုလ် ပစ်ခတ်ခံရပြီး ဒုရဲမှူးကိုကိုလွင်သေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၃

မွန်ပြည်နယ်၊ ရေးမြို့နယ် လ၀ကရုံးကို ယနေ့ မွန်းလွဲပိုင်းတွင် ရေးဘီလူးအဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ပြီး အဆိုပါရုံးမှ ဝန်ထမ်း ၅ ဦးသေဆုံးကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ရေးမြို့နယ် လ၀ကရုံးကို ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်မှုကြောင့် လ၀ကရုံးမှ အကောင်ကြီးကြီး အပါအဝင် ၅ ဦးသေဆုံးကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်ကဆိုသည်။

ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်တွင် အလုပ်လုပ်နေကြသော Non CDM ဝန်ထမ်းများအနေဖြင့် ရာထူးတာဝန်များမှ နုတ်ထွက်ကြရန် ရေဘီးလူးအဖွဲ့က တရားဝင် သတိပေးထားပြီးဖြစ်သည်။

အလားတူ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ရဲစခန်းမှ၊ နယ်ထိန်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒုတပ်ကြပ်ထွန်းရွှေမောင်ကို သြဂုတ်လ ၁ ရက်နေ့ ညနေ ၈ နာရီခန့်က ရက္ခိုင့်တပ်တော် AA မှ ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ဩဂုတ်လ ၁ ရက်နေ့ ည ၈ နာရီအချိန် အမှတ် (၁) ရပ်ကွက်နေအိမ်မှ မအီမြို့မရဲစခန်းသို့သွားစဉ် လမ်းခုလတ်၌ AA တပ်ဖွဲ့ဝင်များက ဒုတပ်ကြပ်ထွန်းရွှေမောင်ကို ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု သိရှိရသည်။

“သူက အမှတ် (၁) ရပ်ကွက်မှာ နေတာပါ။ အမှတ် (၁) ရပ်ကွက်က နေပြီးတော့ ရဲစခန်းကို အမြဲတမ်း အသွားအပြန်ရှိပါတယ်။ ည ၈ နာရီဆိုလို့ရှိရင် သူတို့ရဲစခန်းမှာ အမြဲတမ်းတန်းစီရတယ်လို့သိရတယ်။ သူရဲစခန်းကို သွားတဲ့အချိန်မှာ လမ်းကနေပြီးတော့ ဖမ်းယူသွားတယ်လို့ သိရပါတယ်” ဟု ပြောသည်။

လက်ရှိအချိန်တွင် မအီမြို့အခြေအနေမှာ လုံခြုံရေးတိုးမြှင့်ချထားမှုများ စစ်ဆေးမေးမြန်းခြင်းများ မရှိသေးသော်လည်း စစ်ကောင်စီတပ်သားများအနေဖြင့် ဆိုင်ကယ်များဖြင့် ၂ ယောက်တစ်အုပ်စု၊ ၃ ယောက်တစ်အုပ်စုအနေဖြင့် သွားလာလှုပ်ရှားမှုများ ရှိကြောင်း သိရှိရသည်။

ဒုတပ်ကြပ်ထွန်းရွှေမောင်သည် ဘူးသီးတောင်မြို့နယ်က ဖြစ်ပြီး မအီမြို့မရဲစခန်းတွင် တာဝန်ကျနေသည်မှာ ၁၀ နှစ်ခန့်လောက်ရှိပြီးဖြစ်ပြီး ၎င်း ဖမ်းဆီးခံရပြီးနောက်ပိုင်း လက်ရှိတွင် စစ်ကောင်စီမှ စစ်ဆေးမေးမြန်းမှုများ မရှိသေးသော်လည်း ညဉ့်အချိန်များတွင် ဝင်ရောက်စစ်ဆေးမည်ကို စိုးရိမ်ပြီး ဒေသခံတချို့အနေဖြင့် တိမ်းရှောင်နေမှုများလည်းရှိနေသည်။

မအီဒေသခံတစ်ဦးက” လောလောဆယ်ကတော့ အေးအေးဆေးဆေးဆိုပေမဲ့ စစ်ကောင်စီတပ်တွေက တစ်လျှောက် လှည့်ပတ်ပြီး စောင့်ကြည့်နေတာတွေ တွေ့ရတယ်။ တစ်ချို့ မအီမြို့ခံတွေ အဖမ်းခံရတယ်လို့ သတင်းရတယ်။ ဒါပေမဲ့ အတိအကျတော့ မပြောတက်ဘူး။ မအီမှာ စစ်ကားတွေ အရင်နေ့ကထက် လုံခြုံရေးတွေ တိုးချထားတာတွေ တွေ့လာရတယ်”ဟုပြောသည်။

ထို့ပြင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာတွင် ဒုရဲမှူး ကိုကိုလွင်နှင့် စစ်တပ် အရာခံဗိုလ်တစ်ဦးကို ယနေ့ နံနက် ၈ နာရီဝန်းကျင်အချိန် သေနတ်သမားတချို့က ပစ်ခတ်ရာ ဒုရဲမှူး ကိုကိုလွင် သေဆုံးသွားကြောင်း သိရှိရသည်။

“မနက် ၇ နာရီ ၅၀ လောက်အချိန် ဒုရဲမှူးကိုကိုလွင်နဲ့ အရာခံဗိုလ်က စျေးဝယ်ထွက်လာတာ။ အဲဒီမှာ အပစ်ခံရတာ ။ ဒုရဲမှူးကိုကိုလွင်ကတော့ ပွဲချင်းပြီးပဲ။စစ်တပ်အရာခံဗိုလ်လည်း ဒဏ်ရာပြင်းတယ်။ သေနိုင်မယ်ထင်တယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် ပစ်ခတ်ခံရသော ဆိပ်မူ ကျေးရွာအနီးတွင် စစ်သားနှင့်ရဲများ ရှိနေကြောင်း၊ စစ်ဆေးမှုများလည်းရှိနေကြောင်း ‌ဒေသခံများ၏ အဆိုအရ သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်တွင် လမ်းဆုံလမ်းခွများနှင့် ရုံးဌာနများတွင် ချထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်များ။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article