ရန်ကုန်၊ သြဂုတ် ၆
မန္တလေး ပျေက်ကျား UG တပ်ဖွဲ့များဖြစ်သော Mother Son Mandalay Force (MSMF) နှင့် Myanmar Revolution Rangers Force (MRRF) အဖွဲ့မှ ခေါင်းဆောင်နှင့် အဖွဲ့ဝင် အားလုံးစုစုပေါင်း ၂၁ ဦးကို စစ်တပ်က ဖမ်း ဆီးပြီး ၉ ဦးကို သတ်ဖြတ်ခဲ့ကြောင်း မန္တလေး UG ခေါင်းဆောင် ကိုမြွေပွေး က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
Myanmar Revolution Rangers Force (MRRF) အဖွဲ့ ခေါင်းဆောင် ဗိုလ်အောင်မြေနှင့် အဖွဲ့ဝင် ၁၀ ဦးကို သြဂုတ်လ ၁ ရက်နေ့ နံနက် ၆နာရီ ၃၀ မိနစ်တွင် ဗိုလ်အောင်မြေ နေအိမ်၌ အကြမ်းဖက် စစ်တပ်က အင်အား ၅၀ ခန့်ဖြင့် ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က MRRF အဖွဲ့ကို ဖမ်းဆီးပြီးနောက် ပြင်ဦးလွင်ရှိ NO.1 Hotel တွင် တည်းခိုနေသည့် Mother Son Mandalay Force (MSMF) အဖွဲ့ခေါင်းဆောင် ဗိုလ်နိုင်(ခ)ကိုရှိုင်းနှင့် အဖွဲ့ဝင် အမျိုးသား ၄ ဦး၊ အမျိုးသမီး ၄ ဦးတို့ကို အကြမ်းဖက် စစ်တပ်က ထပ်မံ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီး ခံရသူများထဲမှ ဗိုလ်အောင်မြေ၊ ကိုကြွက်(ခ)တက်သစ်၊ ကိုဝေဖြိုးအောင်(ခ)ဝေကြီး၊ ကိုဝင်းမင်းအောင်(ခ)ဇော်ပိုင်၊ ကိုနေလင်းခန့် (ခ)ကိုစနေ၊ ကိုမင်းသူအောင်၊ ကိုအောင်ဖြိုးခန့်(ခ)စပ်ကြား၊ ကိုမိုးဇင်(ခ) ငဒူနှင့် ကိုနေလင်းလင်း(ခ) ကိုရှိုင်းတို့ ၉ ဦးကို စစ်တပ်က သတ်ဖြတ်ပြီး ရုပ် အလောင်းများကို ရန်ကုန်-မန္တလေး အမြန်လမ်းတွင် စွန့်ပစ်ခဲ့ကြောင်း မန္တလေး UG ခေါင်းဆောင် ကိုမြွေပွေးက အတည်ပြု ပြောဆိုသည်။
” ဗိုလ်အောင်မြေနဲ့ ကိုတက်သစ်စ ရုပ်အလောင်းတွေကို ရန်ကုန်-မန္တလေး အမြန်လမ်းမှာ စစ်ကောင်စီက ပစ်သတ်ပြီး အလောင်းလာပစ်သွားတယ်။ ၃ လောင်းပေါ့ ။ ၂ ယောက်ရဲ့ Bodyနဲ့ ဓာတ်ပုံပဲရ လိုက်တယ်။ ကျန် ၁ ယောက် က ဘယ်သူ ဖြစ်မယ်ဆိုတာ အတည်မပြုနိုင်သေးဘူး။ MRRF အဖွဲ့ကို သြဂုတ် လ ၁ ရက်နေ့ နံနက် ၆နာရီခွဲမှာ စစ်တပ်က အင် အား ၅၀ လောက်နဲ့ ဗိုလ် အောင်မြေ နေအိမ်ကို ဝင်စီးပြီး ဖမ်းသွားတယ်။ ဗိုလ်အောင်မြေအပါဝင် ကနဦး ၁၀ ဦးလောက် အဖမ်းခံရတယ်။ အဖွဲ့ရဲ့ သတင်းပေး ဒလန်ကြောင့်လို့ ပြော လို့ရတယ်။ သစ္စာ ဖောက်တာ ခံရတာပါ။ အဲတာ နောက်ဆက်တွဲ အနေနဲ့ ပြင်ဦးလွင်မှာ ဆက်မိတယ်။ ဗိုလ်နိုင်(ခ)ကိုရှိုင်းနှင့် အဖွဲ့ဝင် အမျိုးသား ၄ ဦး၊ အမျိုးသမီး ၄ ဦးတို့ ထပ် ဖမ်းခံရတယ်။ ကိုရှိုင်း အကောင့်ကို စစ်ခွေးတွေက ဟန်မပျက်သုံးနေပြီး မီဒီယာမှာ လိုက်ဖြေနေတာပါ။ ပြည်သူရယ် ထောက် ပို့ရယ် တော်လှန်ရေး အသိုင်းအဝိုင်းရယ်ကို သိစေလိုတာက Mother son Mandalay force နဲ့ MRRF တပ်ဖွဲ့တို့ရဲ့ခေါင်းဆောင်ပိုင်းတွေ အပါဝင် အောက်ခြေ ရဲဘော်တွေ အထိ အဖမ်းဆီးခံခဲ့ရပြီဆိုတာပါပဲ အဲ့ဒီကောင့်တွေကို အဆက်အသွယ် မလုပ်ဖို့နဲ့ အဲ့အကောင့်တွေကနေ ချိန်းဆိုတာတွေ လုပ်ရင် ရှောင်ကြဖို့ ပြောချင်ပါတယ်” ဟု မန္တလေး UG ခေါင်းဆောင် ကိုမြွေပွေးက ပြောဆိုသည်။
အလားတူ ရန်ကုန်မြို့မှ From Zero To Hero အဖွဲ့ခေါင်းဆောင် ရဲဘော် ကိုကုလား နှင့် မန်းသားလေးတို့ ကို စစ်တပ်က မေလ ၂၄ ရက်နေ့ကတည်းက ဖမ်းဆီးထားပြီး အင်းစိန်ထောင်တွင် တိုက်ပိတ်ထားကြောင်း၊ သေဒဏ် ချမှတ်ထားသည်ဆိုသော သတင်းများရရှိထားကြောင်း UG သတင်းရင်းမြစ်က ပြောသည်။
“၅လပိုင်း၂၄ရက်နေ့မှာ From Zero To Hero အဖွဲ့ခေါင်းဆောင် မန်းလေး သားနဲ့ ရဲဘော်ကုလားလေးတို့နှစ်ယောက်ဝယ်ယူထားတဲ့ လက်နက်တွေ သွားယူရာမှာ မင်္ဂလာဒုံမှာ စစ်ခွေးတွေက အရပ်ဝတ်နဲ့ ဝင်ဖမ်းတယ်။ အင်းစိန် မှာ လက်နက်တွေ အသိမ်းခံရတယ်။ နှစ်ဦးစလုံး စစ်ကြောရေးမှာ လူရုပ်တောင် မပေါ်တဲ့အထိ ညှဉ်းပန်းနှိပ်စက်ခံရတယ်။ အခု အင်းစိန်ထောင်မှာ သေဒဏ်ချ မှတ်ထားတယ်ဆိုတဲ့သတင်းတွေရထားပါတယ်” ဟု UG သတင်းရင်းမြစ်က ပြောဆိုသည်။
ဓာတ်ပုံ- စစ်တပ်ဘက်က ဗိုလ်အောင်မြေဟု ယူဆရသည့် သူနှင့် အခြားသူတို့ ၏ အလောင်းတချို့ ဓာတ်ပုံများကို ဖြန့်ဝေခဲ့သည်။