ရန်ကုန်၊ သြဂုတ် ၆
သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် မြန်မာ တိုင်းရင်းသား မိသားစုများနှင့် ၈၈၈၈ လူထုအရေးတော်ပုံအထိမ်းအမှတ် အခမ်းအနားကို ယနေ့ ဩဂုတ်လ ၆ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို ဗစ်တိုးရီးယားပြည်နယ် လွှတ်တော် အမတ် Hon Meng Heang Tak MPမှ တက်ရောက် အမှာစကား ပြောကြားပေးပြီး Australia Myanmar Institute မှ ဥက္ကဌဖြစ်သူ Mr. Christopher Lamb မှလည်း အမှာစကား ပြောကြားခဲ့သည်။
လွှတ်တော် အမတ် Meng Heang Tak က ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့သည် အာဏာရှင် လက်အောက်တွင် အတူတူ ကျရောက်နေပြီ အာဏာရှင် လက်အောက်မှရုန်းကန် နေကြရသည့်အတွက ” သင်တို့ ရဲ့ တိုက်ပွဲဟာ ၊ ကျွန်ပ်တို့ရဲ့တိုက်ပွဲဖြစ်တယ်”၊ ” Your fight is our fight”ဟု ပြောကြားခဲ့ကြောင်း အခမ်းအနား တက်ရောက်သူများထံမှ သိရသည်။
ယင်း ၈၈၈၈ လူထုအရေးတော်ပုံ ၃၄ နှစ်ပြည့် အခမ်းအနားပွဲတွင် မိဇိုး ချင်းလူငယ် အမျိုးသမီးတစ်ဦးမှအခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး ကရင်လူငယ်တဦးမှ ကြွေးကျော်သံများဖြင့် ဦးဆောင်ဟစ်ကြွေးခဲ့ကာ အ မ်းအနားတွင် တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါဝင်ခဲ့ကြပြီး လီဆူး တိုင်းရင်းသား လူငယ်များက တော်လှန်ရေး သီချင်းများ သီဆို ဖျော်ဖြေခဲ့ကြကာ ဇိုမျိုးနွယ်စုတိုင်းရင်းသား များမှလည်း တော်လှန်ရေး သီချင်း သီဆိုဖျော်ဖြေခဲ့ကြောင်းသိရသည်။
အခမ်းအနားကို တက်ရောက်လာသည့် မဲလ်ဘုန်း-မြန်မာ လူမှု အသိုင်းအဝန်းမှ ဆရာဝန်မကြီး ဒေါက်တာယုယုချစ်မှ ၈၈၈၈ ကဗျာကို ရွတ်ဆိုပေးခဲ့ပြီး၊ မြန်မာမွတ်စလင်လူမှု အသိုင်းအဝန်းမှ ခေါင်းဆောင် တစ်ဦးကလည်း စစ်အာဏာရှင် စနစ်ရဲ့ ဆိုးမွေတွေကိုထုတ်ဖေါ်ပြောဆိုခဲ့ကာ ၈၈၈၈ အရေးတော်ပုံ၏ ကိုယ်တွေ့ အဖြစ်အပျက် သမိုင်းကို စာရေးဆရာမင်းဒင်က ဟောပြောသွားခဲ့ပြီး အခန်းအနားအဆုံး သတ်အဖြစ် ကမ္ဘာမကြေဘူး သီချင်းကို လီဆူး တိုင်းရင်းသား လူငယ်လေးများမှ ဦးဆောင်သီဆိုကာကရင် အမျိုးသမီး တစ်ဦးမှ တက်ရောက်သူများကိုကျေးဇူးတင် စကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။



