29 C
Yangon

မြဝတီမြို့တွင် ထိုင်းဘတ်နှင့်မြန်မာငွေ လဲလှယ်ပေးသူများကို စစ်တပ်က ဖမ်း ဆီး၊ ရန်ကုန်နှင့်မန္တလေးတွင် ဒေါ်လာ ဝယ် ရောင်းနှင့် ရွှေကုန်သည်တချို့ ထွက်ပြေး တိမ်းရှောင်ရ

Must read

ရန်ကုန်၊ ဩဂုတ် ၁၄

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် ရွှေစျေးနှုန်းနှင့် ဒေါ်လာစျေးနှုန်းများ စံချိန်တင် ထိုးတက်သွားပြီးနောက် ကရင်ပြည်နယ်၊ မြ၀တီမြို့တွင် ထိုင်းဘတ်နှင့်မြန်မာကျပ်ငွေ လဲလှယ်ပေးသူတချို့ကို စစ်တပ်နှင့်ရဲက ရုတ်တရက် ဝင်ရောက် ဖမ်းဆီးပြီး ငွေကြေးများ သိမ်းယူသွားကြောင်း မြ၀တီဒေသခံတချို့က ပြောဆိုသည်။

ဩဂုတ်လ ၁၃ ရက်နေ့ ညနေ ၂ နာရီ ၄၅ မိနစ်ဝန်းကျင်တွင် မြ၀တီမြို့ ထိုင်း-မြန်မာ နယ်စပ် အမှတ် ၁ ချစ်ကြည်ရေး တံတားထိပ်အနီးဝန်းကျင်ရှိ ထိုင်း-မြန်မာငွေလဲလှယ်ပေးသော ငွေလဲလုပ်ငန်းလုပ်ကိုင်သူတချို့ကို စစ်တပ်၊ ရဲများက ဝင်ရောက်ဖမ်းဆီး ပြီး ငွေကြေးများ လုယက်သိမ်းဆည်းခြင်းဖြစ်ကြောင်း သိရှိရသည်။

” မြ၀တီ၊ ကြံခင်းလမ်းထိပ်နဲ့ တံတားနားမှာ မနေ့က အဖမ်းခံရတဲ့သူတွေက ခုံလေးတွေနဲ့ ငွေလဲလှယ်တာလုပ်ပေးနေတဲ့ သာမန်ဘယ်လိုခေါ်မလဲ ရန်ကုန်အခေါ်နဲ့ဆိုရင် ငွေလဲကောင် တာExchange Center လိုမျိုး တစ်နိုင်တစ်ပိုင်လုပ်စားကြတဲ့သူတွေပါ။ ငွေလဲနှုန်း တစ်ခုလုံး အပြောင်းအလဲဖြစ်အောင် လုပ်နိုင်တဲ့သူမျိုးတွေလည်းမဟုတ်ဘူး။ ဘတ်ငွေနဲ့ မြန်မာငွေ လက်ငင်း ရော ဖုန်းနဲ့ရော လဲပေးကြတာ။ မထင်ကြဘူး။ ဒီလိုကြီးဖမ်းမယ်လို့။ ငွေတွေရော လူတွေရော အကုန်ဝင်ဖမ်းသွားတာ။ ဘာပုဒ်မနဲ့အရေးယူမလဲတော့မသိသေးဘူး။ အခုထက်ထိ ပြန်မလွတ်သေးဘူး” ဟု မြ၀တီဒေသခံတစ်ဦးက ပြောသည်။

အလားတူ စစ်တပ်လော်ဘီ ဟန်ငြိမ်းဦးကလည်း ရွှေစျေးနှင့်ငွေစျေး ကစားသူများကို အကြောင်းကြားကြရန် တယ်လီဂရမ် လူမှုကွန်ရက်တွင် ကြေညာထားပြီး စစ်တပ်၏ လုပ်ရိုးလုပ်စဉ်အရလည်း ဒေါ်လာနှင့်ရွှေ အမြင့်ဆုံး တက်တိုင်း ထင်ရာမြင်ရာ ဖမ်းဆီးထောင်ချလေ့ရှိသဖြင့် ရန်ကုန်နှင့် မန္တလေးရှိ ရွှေကုန်သည်နှင့် ဒေါ်လာဝယ်ရောင်းများ စိုးရိမ်မှုများဖြင့် တိမ်းရှောင်နေရကြောင်း သိရှိရသည်။

“အခုဖြစ်နေတဲ့ ရွှေစျေး ဒေါ်လာစျေး အခင်းအကျင်းက ကုန်သည်က စျေးကစားလို့ ထိုးတင်လို့ဖြစ်နေတာမဟုတ်ဘူး။ နိုင်ငံရေးအခြေအနေ၊ ငွေစက္ကူတွေ ရိုက်ထုတ်တာတွေ၊ ဒေါ်လာ Supply မရှိတော့တာတွေကြောင့် ဖြစ်လာတာ။ စျေးကစားတာလို့ ပြောရင်တော့ မမှန်ဘူး။ ဒါပေမယ့် စကစဘက်က ဖမ်းမှာ စိုးရိမ်ကြတော့ တချို့တွေ တိမ်းရှောင်နေကြရတယ်။ တကယ်တမ်း ဒေါ်လာရော ရွှေရော ကြီးကြီးမားမား ဝယ်ကြ ရောင်းကြတာ စစ်တပ်နဲ့ပတ်သက်တဲ့သူတွေပဲ။ တစ်ခုခုဖြစ်လာရင် ရမ်းသမ်းဖမ်းတာက သူတို့အကျင့်။ အဲဒီအထဲမှာ ကိုယ်မပါအောင်၊ အဖမ်းမခံအောင် ရှောင်ကြရတာပဲ ” ဟု ရန်ကုန်မှ အလယ်အလတ် ဒေါ်လာဝယ်ရောင်းတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ ဗဟိုဘဏ်က ဩဂုတ်လ ၁၁ ရက်နေ့တွင် တရားမဝင် ဒေါ်လာကိုင်ဆောင်သူများကို အရေးယူမည်ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ထားရာ ဒေါ်လာဝယ်ရောင်းများအတွက် စိုးရိမ်မှုများ ပိုမိုစေသည်ဟု ဆိုကြသည်။

လက်ရှိငွေလဲစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာ ၃၁၀၀ ကျပ်ဝန်းကျင်၊ ရွှေစျေးနှုန်းမှာ အခေါက်ရွှေတစ်ကျပ်သား ၂၈ သိန်း ၃ သောင်းဝန်းကျင်ဖြင့် စျေးပေါက်နေကြောင်း စုံစမ်းသိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article