ရန်ကုန်၊ သြဂုတ် ၂၁
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ (ထားဝယ်)မှ ဦးဆောင်ပြီး ယနေ့ သြဂုတ်လ ၂၁ ရက်နေ့ ညနေပိုင်းတွင် စစ်အာဏာရှင် တော်လှန်ရေး နှင်းဆီရောင် အမျိုးသမီးထုမှ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
အဆိုပါ ချီတက် ဆန္ဒပြပွဲကို LGBT များ အခြေခံပညာကျောင်းသားများ သပိတ်ကော်မတီနှင့် လူငယ်အချို့ပါ ပူးပေါင်း ပါဝင်ခဲ့ပြီး သပိတ် ဦးဆောင်သူများက နိုင်ငံရေး တရားများ ဟောပြောခဲ့ကြောင်း သိရသည်။
“ပြည်သူလူထုတရပ်လုံး စစ်အာဏာရှင်တွေရဲ့ အုပ်ချုပ်မှုကို လုံးဝလက်သင့်မခံဘဲ အုံကြွ ဖီဆန် တော်လှန်ကြပါက ကျမတို့ရဲ့ တော်လှန်ရေးဟာ အောင်မြင်မှုရရှိမှာ မုချပါပဲ။ ဒါကြောင့်မို့ ပြည်သူတွေအနေနဲ့ ကျမတို့ရဲ့ တိုင်းပြည်နဲ့ မျိုးဆက်သစ်တွေရဲ့ အနာဂတ် အမှောင်ထုထဲမကျရောက်စေရေးအတွက် တော်လှန်ရေးမှာ ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ဟောပြောခဲ့သည်။
နှင်းဆီရောင် အမျိုးသမီးထု လှုပ်ရှားမှုကို စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် အမျိုးသမီးတွေ၏ ပါဝင်မှု အခန်းဏ္ဍကို မြှင့်တင်နိုင်ရန် အမျိုးသမီးများ အပေါ် ခွဲခြားဆက်ဆံမှုများ ပပျောက်စေရန် ရည်ရွယ်ချက်ဖြင့် ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့ကတည်းက စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။