26 C
Yangon

ကောလင်း-ကန့်ဘလူ နယ်စပ်တွင် တိုက်လေယာဉ် ၃ စင်းဖြင့် ယမန်နေ့ ညသန်းခေါင်ယံ အချိန် ဗုံးကျဲချမှုကြောင့် အသက် ၆ နှစ်အရွယ် မောင်ပြည့်စုံ၊ ကိုယ်ဝန်ဆောင်မိခင်မဖြူဇာဝင်းတို့ အပါအဝင် အပြစ်မဲ့ ပြည်သူ ၄ ဦး ပွဲချင်းပြီး သေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၂၄

စစ်ကိုင်းတိုင်း၊ ကန့်ဘလူ-ကောလင်း-ကျွန်းလှ မြို့နယ် အစပ် နေရာရှိ ယမန်နေ့ ဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီတပ်များ အထိနာသွားပြီးနောက် ယမန်နေ့ ည ၁၁ နာရီ ၂၀ မိနစ်တွင် တိုက်လေယာဉ် ၃ စင်းဖြင့် ဗုံးကျဲ ခဲ့ရာ ပြည်သူ ၄ ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း Kawlin Revolution -KR က သတင်းထုတ်ပြန်သည်။

ကောလင်းမြို့နယ်အနောက်ခြမ်း ချောင်းနားတိုက်နယ် သစ်ဆိမ့်ကုန်းရွာသို့ ဩဂုတ်လ ၂၃ ရက်နေ့ ည ၁၁ နာရီ ၂၀ အချိန် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချရာ ပြည်သူ ၅ ဦး ထိခိုက်ခဲ့ရာတွင် ပြည်သူ ၄ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ လေကြောင်း ဗုံးကျဲမှု ကြောင့် သေဆုံးသူ ပြည်သူ ၄ ဦးတွင် မောင်ပြည့်စုံ (အသက် ၆ နစ်ခွဲ)၊ ကိုမိုးအောင် ၊ ကိုဇင်မျိုးထွန်း နှင့် ကိုယ်ဝန် ၉ လ လွယ်ထားသူ မဖြူဇာဝင်း တို့ ပွဲချင်းပြီး သေဆုံးသွားကြောင်း ၊ ပြည်သူ ၁ ဦးမှာ ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“ပထမက ကင်းထောက် drone ဝဲတယ်။ ည ၁၀ နာရီလောက်က ကန့်ဘလူကိုဖြတ်ပြီး ချပ်သင်းဘက်အထိဝဲနေတာ။ပြီးတော့မှ ဂျက်ဖိုက်တာတွေ ရောက်လာတာ။ ဂျက်လေယာဉ် ၃ စင်းနဲ့ ဗုံးကျဲတယ်။ တိုက်ပွဲဖြစ်တဲ့ ဧရိယာထဲမှာရှိတဲ့ ကျေးရွာတွေကို ဗုံးကျဲတာ” ဟု ရှေ့တန်းသတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၄၀ ထက်မနည်းသေဆုံးပြီး စစ်တပ်အရာရှိ ၃ ဦး အရှင်ဖမ်းမိကြောင်း၊ လက်နက် အမြောက်အမြား၊ ကျည်ခဲယမ်းမျိုးစုံ သိမ်းဆည်းရမိကြောင်း သိရှိရသည်။

ဓာတ်ပုံ- ညအချိန် ပျံသန်းသည့် စစ်ကောင်စီတပ်၏ ဂျက်လေယာဉ်တစ်စင်း။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article