27 C
Yangon

မိုးဗြဲအခြေစိုက် ခမရ ၄၂၂ ကင်းပုန်းများနှင့် စစ်ကြောင်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့ ၃ ကြိမ်တိုက်ခိုက်၍ စစ်သား အနည်းဆုံး ၂ ဦး ဒဏ်ရာရ၊ ပုလဲ၊ ဝမ်းတွင်းနှင့် မြင်းမူတွင်လည်း စစ်ကောင်စီတပ်ဖွဲ့များ မိုင်းခွဲပစ်ခတ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိ

Must read

ရန်ကုန်၊ ဩဂုတ် ၂၆

ရှမ်း-ကရင်နီအစပ်၊ မိုးဗြဲမြို့ အခြေစိုက် ခမရ ၄၂၂ ၏ ကင်းပုန်း ၂ ခုနှင့် စစ်ကြောင်းကို မိုးဗြဲ PDF တပ်ရင်း ၁၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၃ နှင့် မြို့ပြတော်လှန်ရေးတပ်ဦး URF တို့က ယမန်နေ့ ဩဂုတ်လ ၂၅ ရက်တွင် ၃ ကြိမ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ အနည်းဆုံး ၂ ဦး ထိခိုက်ဒဏ်ရာရကြောင်း မိုးဗြဲ PDF က သတင်းထုတ်ပြန်သည်။

ယမန်နေ့ နေ့လယ် ၁ နာရီ ၁၅ မိနစ်တွင် မိုးဗြဲ အခြေစိုက် ခမရ ၄၂၂ ၏ ကင်းပုန်း ၂ ခုကို မိုးဗြဲ PDF တပ်ရင်း ၁ က စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား အနည်းဆုံး ၂ ဦး ထိခိုက်ဒဏ်ရာရကြောင်း၊ အပြန်အလှန် ပစ်ခတ်မှု ၁ နာရီခန့် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

မွန်းလွဲ ၃ နာရီတွင် စစ်ကောင်စီ စစ်ကြောင်းကို မိုးဗြဲ PDF တပ်ရင်း ၁၊ KNDF တပ်ရင်း ၃၊ URF တို့က ဖြတ်တောက်တိုက်ခိုက်ရာ ၁ နာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိခဲ့ကြောင်း မိုးဗြဲ PDF က သတင်းထုတ်ပြန်ထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ပုလဲမြို့လယ်ခေါင်တွင် အရက်သေစာ သောက်စားပြီး မူးရူးကခုန်နေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဩဂုတ်လ ၂၅ ရက် ယမန်ည ၁၀ နာရီ ၂၅ မိနစ်တွင် အနီးကပ် ပစ်ခတ်ရာ စစ်သား ၃ ဦးသေဆုံးပြီး ဒဏ်ရာရသူများရှိကြောင်း Southern YSO PDF က သတင်းထုတ်ပြန်သည်။

အနီးကပ် ပစ်ခတ်ရာတွင် စစ်သား ၃ ဦးသေဆုံးပြီး အီနာဂါ ဗုံးသီး ၄ လုံးဖြင့် ပစ်ခတ်ရာ အများအပြား ဒဏ်ရာရကြောင်း၊ Southern YSO PDF နှင့် ဒေသခံ ဒေါင်းနတ်သမီး အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ထွေအုပ်ရုံးကို ယနေ့ ဩဂုတ်လ ၂၆ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် အမည်စိစစ်ဆဲ အဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ အနီးရှိ အထက်တန်းကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက်စစ်သားများက သေနတ်ပစ်ဖောက်ခဲ့ကြောင်း သတင်းရရှိသည်။

ဗုံးကျဲခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ထိခိုက်သေဆုံးမှုကို သီးခြားအတည်မပြုနိုင်သေးဘဲ ထွေအုပ်ရုံးအတွင်းသို့ လူနာတင်ယာဉ်တစ်စီး ဝင်ရောက်သွားခဲ့ကြောင်း သတင်းရရှိသည်။

အလားတူ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ လျှော်ပင်ကျေးရွာအနီးတွင် ယနေ့နံနက် ၉ နာရီဝန်းကျင်၌ အကြမ်းဖက်စစ်ကောင်စီယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရပြီး စစ်သား ထိခိုက်သေဆုံးမှုများ ရှိနိုင်ကြောင်း ဒေသသတင်းရင်းမြစ်များက ပြောဆိုသည်။

ဓါတ်ပုံ – မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ (ပုံအဟောင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article