ရန်ကုန်၊ ဩဂုတ် ၂၇
ပြည်တွင်းစျေးကွက်တွက် ယနေ့ ဩဂုတ်လ ၂၇ ရက်နေ့ ရွှေစျေးကွက်နှင့်ဒေါ်လာစျေးကွက်တွင် စျေးနှုန်းများ ထပ်မံ မြင့်တက်ပြီး အမေရိကန်တစ်ဒေါ်လာလျှင် ၃၄၀၀ ကျပ်နှင့် အခေါက်ရွှေတစ်ကျပ်သားလျှင် ၂၉ သိန်း ၁ သောင်းအထိ စျေးထပ်မံမြင့်တက်သွားကြောင်း သိရှိရသည်။
ဩဂုတ်လ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီ နေပြည်တော်တွင် ရွှေကုန်သည်များနှင့် ရွှေလုပ်ငန်းရှင်များကို စစ်ကောင်စီ၏ ကုန်စျေးနှုန်း ထိန်းသိမ်းရေး ကော်မတီ အတွင်း ရေးမှူး ဗိုလ်ချုပ်ရန်နောင်စိုးက ခေါ်ယူ ဖိအားပေးမည့် ပွဲမစတင်ခင်မှာပင် ရွှေစျေးနှင့်ဒေါ်လာစျေးများထိုးတက်သွားခြင်းဖြစ်သည်။
“ပြည်တွင်းမှာ ဒေါ်လာ ပြတ်လပ်တယ်။ နောက်ပြီး တစ်ကမ္ဘာလုံးအတိုင်း အတာနဲ့ အမေရိကန်ဒေါ်လာတန်ဖိုးတက် နေတယ်။ အမေရိကန်ဗဟိုဘဏ်ကလည်း အတိုးနှုန်းမြှင့်တင်မယ်ဆိုတာတွေနဲ့ သူ့ငွေတန်ဖိုးကို ဆွဲတင်နေတယ်။ အဲဒါတွေကြောင့်ပါ။ ပြည်တွင်းမှာလည်း ဒေါ်လာ လိုအပ်ချက်ကြီးနေတယ်။ ဒေါ်လာ တောက် လျှောက် တက်မယ်။ ခန့်မှန်းကြည့်ရင်တော့ တစ်ဒေါ်လာကို ၅၀၀၀ ကျပ် လောက်လည်း မကြာခင်ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်တယ်ပြောတာနော်။ ဖြစ်မယ်လို့ တထစ်ချ မပြောဘူး။ အခုက ဒေါ်လာတန်ဖိုးတက်နေတာက ပြည်တွင်း အကြောင်းတစ်ခုတည်း ကြောင့်မဟုတ်ဘူး။ ကမ္ဘာမှာလည်း အမေရိကန်ဒေါ်လာ တန်ဖိုးတက်နေတာပဲ ။ အတိုးနှုန်းတွေ တက်မယ် လို့ အမေရိကန်ဗဟိုဘဏ်က ကြေညာလိုက်လို့”ဟု ရန်ကုန်စီးပွား ရေးသမားက ပြောသည်။
အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌ Jerome Powell က ဩဂုတ်လ ၂၆ ရက်နေ့ သတင်းထုတ်ပြန်ရာတွင် မြင့်မားသော ငွေကြေးဖောင်းပွမှုကို ထိန်းကျောင်းချုပ်ကိုင်နိုင်ရန် မြင့်မားသော အတိုးနှုန်း မြှင့်တင်မှုများကို လာမည့် လများအတွင်း ချမှတ်ရန်ရှိနေကြောင်း တရားဝင် ထုတ်ပြန်ကြေညာသည်။ အမေရိကန်သည် နှစ်ပေါင်း ၄၀ အတွင်း အမြင့်မားဆုံးသော ငွေကြေးဖောင်းပွမှု ကိုလည်း ရင်ဆိုင်နေရသည်။
ရွှေစျေးကွက်တွင်မူ ဒေါ်လာစျေးမြင့်တက်မှုကြောင့် ရွှေစျေးပါ လိုက်ပါမြင့်တက်လာပြီး အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားလျှင် ငွေကျပ် ၂,၉၁၀,၀၀၀ (၂၉ သိန်း ၁ သောင်း) အထိစျေးပေါက်နေကြောင်း၊ အရောင်းအဝယ်မှာ အဝယ်သာရှိပြီး အရောင်းမရှိကြောင်း သိရှိရသည်။