ရန်ကုန်၊ သြဂုတ် ၂၇
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ဝကုန်းရွာကို အကြမ်းဖက် စစ်တပ်က သြဂုတ်လ ၂၆ ရက်နေ့တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ လုယက်သွားကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။
အကြမ်းဖက် စစ်တပ်သည် ဝကုန်းရွာကို သြဂုတ်လ ၂၆ ရက်နေ့ နံနက် ၃ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကား ၁၇ စီးဖြင့် လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ် ဝင်ရောက်လာခြင်းဖြစ်ပြီး ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်းသိရသည်။
ထိုသို့ ဒေသခံ ပြည်သူများ ထွက်ပြေးချိန်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်း ဝင်ရောက်လာပြီး ပြည်သူပိုင် နေအိမ်များမှ ပစ္စည်းများကို ခိုးယူလုယက်သွားကာ စစ်တပ် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူပိုင် နေအိမ် ၂ လုံးပျက်စီးသွားကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် ယာဥ်တန်းသည် ကျောက်မဲတောင်ရွာတွင် တစ်ညနားပြီး ယနေ့ သြဂုတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် မေတ္တာဘက်သို့ ယာဥ်တန်း ၆ စီးခန့်ဖြင့် ဝင်ရောက် သွားကြောင်း သိရသည်။