27 C
Yangon

ထောင်ဝင်စာပါဆယ်များတွင် စစ်တပ်ထုတ်ကုန်များ ထည့်မပေးရန်နှင့်သပိတ် မှောက်ရန် နိုင်/ကျဉ်းများက နှိုးဆော်၊ မုံရွာထောင်တွင် နိုင်ငံရေးအကျဉ်းသားများ အစာ ငတ်ခံ ဆန္ဒပြခဲ့ပြီး အကျဉ်းကျ နိုင်ငံရေးခေါင်းဆောင်များ ပိုမို ဖိနှိပ်ခံနေရ

Must read

ရန်ကုန်၊ ဩဂုတ် ၂၇

အကြမ်းဖက်စစ်ကောင်စီ၏ ထောင်သွင်းအကျဉ်းချမှု ခံနေရသော နိုင်ငံရေးအကျဉ်းသားများက ထောင်ဝင်စာပါဆယ်များတွင် စစ်တပ်ထုတ်ကုန်များကို သပိတ်မှောက်ကြရန်နှင့် ထည့်မပေးကြရန် နှိုးဆော်စာ ထုတ်ပြန်ကြောင်း သိရှိရသည်။

အင်းစိန်ထောင်အတွင်းအကျဉ်းကျနေသော နိုင်ငံရေးအကျဉ်းသားများက ပါဆယ်ထုပ်များအတွင်း စစ်တပ် ၏ထုတ် ကုန်များ ထည့်သွင်းပေးခြင်းမပြုလုပ်ကြပါရန် ပြည်သူလူထုသို့ အသိပေးလာကြောင်း အကျဉ်းထောင်သတင်းရင်းမြစ်များက ပြောသည်။

“ယခုမျက်မှောက်ကာလတွင်ဖြစ်ပေါ်နေသော စကစ၏လုပ်ရပ်များကြောင့် အကျဉ်းသား/သူများအနေဖြင့် စကစထုတ်ကုန်ပစ္စည်းများကို ပါဆယ်များတွင်ထည့်သွင်းခြင်းမပြုလုပ်ကြပါ။ ပါဆယ်အတွင်းသို့လဲ မိဘပြည်သူများအနေဖြင့်ထည့်သွင်းခြင်းမပြုဘဲ အထူးသတိပြုရှောင်ရှားပေးပါရန် မေတ္တာရပ်ခံပါသည်” ဟု (နိုင်)အကျဉ်းသား/သူ လူငယ်ကွန်ရက်က ပြည်သူများကို ပန်ကြားသည်။

ထို့ပြင် မုံရွာအကျဥ်းထောင်၌ အကျဥ်းသူ/သား များ၏ အခြေခံသုံး ပစ္စည်းများကို ရှာဖွေသိမ်းဆည်းမှုများ ပြုလုပ်ခဲ့မှုကြောင့် မကျေနပ်၍ နိုင်ငံရေး အကျဥ်းသားများက ဦးဆောင်ပြီး အစာငတ်ခံ ဆန္ဒပြခဲ့ကြောင်း သိရှိရသည်။

” ဒီနေ့ နေ့လည် ထောင်ပိုင်ပြောတာက စစ်တပ်က ရှာဖွေရေး လုပ်တာကို အကျဥ်းသားတွေက မကျေနပ်လို့ ဆန္ဒပြတာ အခုညှိနှိုင်းပေးလို့ ပြေလည်သွားပြီလို့ ပြောသံကြားခဲ့ရတယ်” ဟု ၎င်းကပြောဆိုသည်။

မုံရွာအကျဥ်းထောင်ကို သြဂုတ်လ ၄ ရက်နေ့ နံနက်ပိုင်းက စစ်တပ်၊ ရဲ ၊ အကျဥ်းဦးစီး ပေါင်းပြီး အထူးရှာဖွေရေး ပြုလုပ်တာ အကျည်းသူ/သားများ၏ အဝတ် အစား၊ စောင်၊ ဖိနပ်၊ အခြေခံကျန်းမာရေး ဆေးဝါးများနှင့် တရားဝင် ဆက်သွယ်ထားသော မိသားစုထံပေးစာနှင့် ဓာတ်ပုံများကို သိမ်းဆည်းခဲ့ခြင်းဖြစ်သည်။

” အဲနေ့က ကျွန်တော်တို့ စစ်တပ်၊ ရဲနဲ့ ပူးပေါင်းပြီး ရှာဖွေရေး လုပ်ရတယ်။ စစ်တပ်က ခိုင်းတာလို့ ထောင်ပိုင်က ပြောပါတယ်။ အဲတာနဲ့ ကျွန်တော်တို့လည်း ပစ္စည်းဆွဲချခဲ့ရတယ်” ဟု အကျဥ်း ဦးစီး ဝန်ထမ်းမှ ပြောဆိုသည်။

အဆိုပါ ဖြစ်စဥ်ကို မကျေနပ်၍ နိုင်ငံရေး အကျဥ်းသားများမှ ဦးဆောင်ပြီး အချက် ၉ ချက် တောင်းဆိုကာ အစာငတ်ခံ ဆန္ဒပြခဲ့​ကြောင်း၊ အစာငတ်ခံ ဆန္ဒပြပွဲကို (H 5) ကျောင်းသား သမဂ္ဂမှ အကျဥ်းသား ၄ ဦးက ရေမှလွဲ၍ မည်သည့် အစာကိုမှ မစားဘဲ ဦးဆောင် ဆန္ဒပြကြောင်း၊ ကျန်နိုင်ငံရေး အကျဥ်းသား ၆၀၀ ကျော်က ထောင်က ကျွေးမွေးသည့်အစားအစာများကို မစားဘဲ မိမိကိုယ်ပိုင် အစားအသောက်များသာ စားပြီး semi hunger strike တစ်ပြိုင်တည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

” အခုလိုဖြစ်တော့ ကျွန်တော်တို့ ဌာနကဘဲ အဆင်ပြေအောင် ညှိနှိုင်းဆောင်ရွက် ပေးရပါတယ်။ အခုတော့ ပြေလည်သွားပါပြီ။ စစ်တပ်က ယူသွားတဲ့ ပစ္စည်းတွေအတွက်တော့ ကျွန်တော်တို့ ဌာနကဘဲ စိုက်လျော်ပေးရမှာပေါ့” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ အကျဥ်းဦးစီးဌာနမှ အရာရှိငယ် တစ်ဦးမှ ပြောဆိုသည်။

ယင်းဆန္ဒပြပွဲကို ၂ ရက်အကြာမှာ အကျဥ်းဦးစီးဌာန၏ ညှိနှိုင်းပေးမှုကြောင့် ပြေလည်မှုရရှိခဲ့ကြောင်း သိရပြီး အသေးစိတ် အချက်အလက်များသိရှိရန် ထောင်ပိုင်ထံသို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့​ပါ။

မုံရွာအကျဥ်းထောက်တွင် ဝန်ထမ်းအင်အား ၂၀ ကျော်သာရှိ၍ လက်နက်အင်အား စာရင်း BA-64 ၃ လက်၊ MA 12 နှင့် MA 14 ၁၂ လက်၊ ပြောင်းချော ၁ လက်၊ ခြောက်လုံးပြူး ၅ လက်နှင့် ၎င်းလက်နက် အသီးသီး၏ ကျည် ၆၀၀၀ ရှိကြောင်း သိရသည်။

လက်ရှိတွင် ထောင်တွင်းတွင် နာမည်ကျော် နိုင်ငံရေးခေါင်းဆောင်များကို ဖိနှိပ်မှုများ ပိုမိုလုပ်ဆောင်လာကြောင်း သိရှိရသည်။

“၇ လပိုင်း ထောင်မှာ ကိုဝေမိုးနိုင်နဲ့ ထောင်ပိုင် ပြဿနာတက်တယ်။ ထောင်ပိုင်က နိုင်ငံရေး အကျဥ်းသားတွေကို အရမ်းနှိမ်တယ်။ ၇ လပိုင်း ၂၉ ရက်နေ့ အကျဥ်းသား ၄ ဦး အမိန့်ကျတယ်။ သူတို့ မိသားစုတွေနဲ့ ပေးမတွေ့ဘူး။ ထောင်ပိုင်၊ ထောင်မှူး၊ ရဲ တစ်ယောက်နဲ့ တစ်ယောက် လွှဲချနေတာ။ အမိန့်ကျပြီးရင် အိမ်နဲ့ ပေးမတွေ့ဘူး။ ထောင်ပိုင်က ကျွန်တော်တို့နဲ့ ကိုဝေမိုးနိုင်ကို သွေးခွဲတယ်ဗျ။ ဒီလ ၈ ရက်နေ့တုန်းကလည်း ညနေခင်းမှာ တခြား အကျဥ်းတွေကို အဆောင်ပြောင်းတယ်။ နောက်ရက် နံနက်ကျတော့ နိုင်ငံရေး အကျဥ်းသားနဲ့ အကြမ်းဖက်မှုတွေ အမိန့်ကျသွားတဲ့ လူတွေကို အဲနေ့ နံနက်ခင်းမှာ တန်းပိတ်ထားပြီး စစ်၊ ရဲ အင်အား အများအပြားနဲ့ လာခေါ်ထုတ်သွားတယ်။ ပြီးတော့ ထောင်ပြောင်းပို့တယ်။ ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်လည်းပါတယ်။ ထောင်က တရားသူကြီးတွေကို ဖိအားပေးနေတာ။ အမိန့်တွေအမြန်ဆုံးချပေးဖို့ ဒီထဲမှာ နိုင်ကျဥ်းတွေ အကြမ်းဖက်တွေကို ထောင်ပိုင်က ဖိအားပေးနေတာ တရားသူကြီးတွေကို။ သြဂုတ်လ ၄ ရက်နေ့ ညနေတုန်းကလည်း နိုင်ငံရေး အကျဥ်းသား တစ်ယောက်ကို ညနေ တန်းပိတ်ပြီးမှ လက်ထိပ်ခတ်ပြီး စစ်၊ ရဲ အင်အားအများအပြားနဲ့ လာခေါ်သွားပြီး ထောင်ပိုင်က ခြိမ်းခြောက်တယ်။ အထဲမှာ ဥပဒေ မရှိတော့ဘူး။ ဘယ်အချိန်ကိုယ့်ကို လာခေါ်ထုတ်မလဲဆိုတာ မျက်ခုံးလှုပ်နေတယ်” ဟု မုံရွာအကျဉ်းထောင်သတင်းရပ်ကွက်က ပြောသည်။

နိုင်ငံရေးအကျဉ်းသားတချို့မှာ ထောင်အာဏာပိုင်များ၏ ဖိနှိပ်မှုကြောင့် စိတ်ဓာတ်ကျဆင်းမှုများလည်းရှိနေကြောင်း သိရှိရသည်။

“တချို့တွေလည်း တော်တော်လေးကို စိတ်ဓာတ်ကျနေကြတယ်။ ဒီထဲမှာ နိုင်ကျဥ်း၊ အကြမ်းဖက်အကျတွေကို အရမ်းဖိနေတာ။ ထောင်ပိုင်ကပြောတာ ဝန်ကြီးချုပ်မရှိတော့ရင် ဒီထဲကလူတွေကို ဖိမှာလို့တဲ့။ ဒီထဲမှာ တော်တော်လေးကို ဖိနှိပ်ခံ စိတ်ဆင်းရဲခံပြီး နေနေရတာကို အပြင်ကလူတွေ သိအောင်ပါ” ဟု မုံရွာအကျဉ်းထောင်သတင်းရပ်ကွက်က ပြောသည်။

ဓာတ်ပုံ- အကျဉ်းထောင်မြင်ကွင်း။ (ပုံအဟောင်းဖြစ်သည်)

Photo- AAPP။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article