ရန်ကုန်၊ သြဂုတ် ၂၇
ရက္ခိုင်တပ်တော် AAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲအရှိန်မြင့်လာနေသည့် မောင် တောမြောက်ပိုင်းအခြေအနေကြောင့် ပညာရေးဝန်ထမ်းအချို့မှာ ကျေး ရွာသားများနှင့် အတူ ထွက်ပြေးလာခဲ့ရာ လမ်းတွင်ပိတ်မိလျက်ရှိနေကြောင်း ဆရာ၊ ဆရာမများက ပြောသည်။
ထွက်ပြေးလာသည့် ပညာရေးဝန်ထမ်းများမှာ ယမန်နေ့တိုက်ပွဲဖြစ်ပွားခဲ့သည့် မောင်တော မင်းခမောင်းနှင့် ခမောင်းဆိပ် ကျေးရွာဖက်တို့တွင် တာဝန်ကျ ကျောင်းဆရာ၊ ဆရာမ၊ စာရေး တို့ဖြစ်ကြသည်။
လက်ရှိတွင်အဆိုပါ ပညာရေးဝန်ထမ်းများမှာ ကြိမ်ချောင်းဂိတ်သို့ကျော်မရ၍ မောင်တောမြောက်ပိုင်း ကားလမ်းဘေးတွင် ပိတ်မိနေကြသည်ဟု မင်းခမောင်းကျောင်း တာဝန်ကျ ကျောင်းဆရာတစ်ဦးက ပြောသည်။
“ကျနော်တို့ စုစုပေါင်း လူ ၁၀ ကျော်လောက်ရှိပါတယ်။ တိုက်ပွဲအခြေနေပိုဆိုးလာတာကြောင့် ဒီနေ့မနက် ၆ နာရီလောက်ကျနော်တို့ထွက်လာခဲ့ကြတာ။ အခုကားလမ်းဘေးမှာပဲ ကြိမ်ချောင်းဂိတ်ဖြတ်ခွင့်မပေးဘူးကြားတယ်။ ဘယ်လိုဆက်လုပ်ရမလဲမသိတော့ဘူး” ဟုပြောသည်။
အဆိုပါပညာရေးဝန်ထမ်းများမှာ ရသေ့တောင်၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး စသည့်မြို့နယ်များမှပါဝင်ကြောင်း သိရသည်။
မောင်တောမြောက်ပိုင်းကျေးရွာများနှင့် မောင်တောမြို့ဖက်သို့ ဆက်သွယ်သည့်ကားလမ်းကြောင်းကို စစ်ကောင်စီမှ ဇူလိုင်လ ၁၈ ရက်နေ့ကစတင်၍ လက် ရှိ အချိန်ထိ ပုံမှန်ဖြတ်သန်းသွားလာခွင့်ကန့်သတ်ထားဆဲဖြစ်ရာ အဆိုပါပညာရေးဝန်ထမ်းများ အခက်တွေ့နေကြခြင်းဖြစ်သည်။
မောင်တောမြောက်ပိုင်း ခမောင်းဆိပ်နှင့် မင်းခမောင်းကျေးရွာဖက်တွင် ယမန် နေ့သြဂုတ် ၂၆ ရက်နေ့က တိုက်ပွဲများပြင်းထန်ခဲ့ပြီး ကျေးရွာသားအချို့လည်း ဘေးလွတ်ရာသို့ထွက်ပြေးခဲ့ကြရပြီး မင်းခမောင်းမှ ကျေးရွာသား ၄ ဦးမှာလည်း စစ်ကောင်စီတပ်မှ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
ရခိုင်ဒေသ ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့၏ တကျော့ပြန်တိုက်ပွဲအခြေအနေမှာ ဆက်လက်ပြင်းထန်လျက်ရှိပြီး စစ်ကောင်စီဖက်မှ လမ်း ကြောင်း ပိတ်ဆို့မှု ဒေသခံများအားဖမ်းဆီးမှုတို့ လုပ်ဆောင်လာလျက်ရှိသည်။
ဓာတ်ပုံ-မောင်တော မင်းခမောင်းနှင့် ခမောင်းဆိပ် ကျေးရွာဖက်တို့မှ ထွက်ပြေးလာသူများ။
(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)