ပစ်ခတ်မှုဖြစ်ချိန် နေအိမ်တွင် ဗိုလ်မှူး သားသမီးများရှိနေပြီး PDF များက ကလေးများကို ထိခိုက်အောင် မလုပ်ခဲ့
ရန်ကုန်၊ ဩဂုတ် ၂၈
အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ၊ စက်မှုဝန်ကြီးဌာန၊ အမှတ် ၅ အထည် စက်ရုံမှူး ဗိုလ်မှူးအောင်ဇော်ဦးနှင့် ဇနီး ဒေါ်ယုယုစိန်တို့ ဩဂုတ်လ ၂၆ ရက်နေ့က ပစ်ခတ်ခံရပြီးနောက် ဒေါ်ယုယုစိန် သေဆုံးကာ ဗိုလ်မှူးအောင်ဇော်ဦးမှာမူ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ရာမှ ယခုအခါ ကျန်းမာရေး ပြန်လည် တိုးတက် ကောင်းမွန်လာကြောင်း သိရှိရသည်။
“ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက် အောင်ဇော်ဦး သေပြီဆိုပြီး သတင်းလွှင့်တယ်။ ပြီးတော့ ပခုက္ကူကနေ အရေးပေါ် နေပြည်တော်ပို့ပါတယ်။ အခုတော့ ပြန်ပြီး သတိ ရလာပြီ သက်သာကောင်းလာပြီ။ မသေပါဘူး။ သေတာက သူတို့ သတင်း အမှားလွှင့်တာပါ။ နောက်ပြီး PDF တွေက ပစ်ခတ်မှုဖြစ်တဲ့အချိန်မှာ အိမ်မှာ အောင်ဇော်ဦးရဲ့ သားသမီး ကလေးတွေရှိပေမယ့် PDF တွေက ဘာမှ မလုပ်ကြဘူး” ဟု စက်မှုဝန်ကြီးဌာန၊ အမှတ် ၃ အကြီးစားစက်မှုလုပ်ငန်းမှ အရာရှိတစ်ဦးက ပြောဆိုသည်။
ဩဂုတ်လ ၂၆ ရက်နေ့ နံနက် ၆ နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ ၊မြို့သစ်အမှတ် ၅ အထည်စက်ရုံတွင် ပခုက္ကူမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Young Force က အမှတ်(၅)ချည်မျှင်နှင့်အထည် စက်ရုံမှူး ဗိုလ်မှူး အောင်ဇော်ဦးအား ဝင်ရောက်ဖမ်းဆီးခဲ့ရာ၊ အညံ့မခံဘဲ ပစ်ခတ်သဖြင့် PDF များကလည်း ပြန်လည်ပစ်ခတ်ရာ အမျိုးသမီး ဖြစ်သူ နေရာတွင် သေဆုံးသွားကြောင်း၊ ပခုက္ကူမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Young Forceက Laptop (၁)လုံး၊လူကြီးခရီးစဥ် မှတ်စု စာအုပ် (၁)အုပ် ၊ကား (၁)စီးအား သိမ်းဆည်းရရှိခဲ့ကြောင်း PDF များက သတင်းထုတ်ပြန်ခဲ့သည်။
ဗိုလ်မှူးအောင်ဇောင်ဦးသည် CDM ဝန်ထမ်းများကို စက်ရုံမှ နှင်ထုတ်ခြင်း၊ကိုယ်ထိလက် ရောက်ပြုလုပ်ခြင်းများအထိ နာမည်ဆိုးဖြင့် ကျော်ကြားသူဖြစ်ကြောင်း၊ ထိုစစ်ဆင်ရေးအား မဟာမိတ်တပ်ဖွဲ့နှင့်အတူ ပူးပေါင်းလုပ် ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ Defense Team Pakokku (DTP) နှင့် ပခုက္ကူမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Young Forceတို့ပါဝင်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ဒဏ်ရာရရှိသော ဗိုလ်မှူးအောင်ဇော်ဦးနှင့် သေဆုံးသွားသော ဇနီး ယုယုစိန်။