ရန်ကုန်၊ ဩဂုတ် ၂၈
မန္တလေး၊ ချမ်းမြသာစည်မြို့နယ်မှ စစ်တပ် သတင်း ပေးခဲ့သူဟု သတ်မှတ်ခံရသူ နေနီအောင် သည် ဩဂုတ်လ ၂ ရက်နေ့တွင် အသတ်ခံရပြီး အလောင်းကို အမြန်လမ်းဘေးတွင် စွန့်ပစ်ခံခဲ့ရကာ သတ်ဖြတ်မှုကို မိုက်ကယ်ကျော်မြင့်က အကြွေးကိစ္စအတွက် စစ်အရာရှိနှင့်ပူးပေါင်းသတ်ဖြတ်သည်ဟု မဘသနှင့်အမျိုးသားရေးသားများက စွပ်စွဲပြောဆိုကြသည်။
မန္တလေး ၊ ချမ်မြသာစည်မြို့နယ်၊ ထွန်းတုံးမြို့သစ်ရှိ Apex ဘော်ဒါကို ယမန် နှစ် ဇွန်လ ၂၂ ရက်နေ့ စစ်တပ်က ဝင်ရောက်စီးနင်းခဲ့မှုတွင် PDF ၄ ဦးနှင့် ပြည်သူ ၄ ဦး သေဆုံးကာ PDF ၆ ဦး အဖမ်းခံခဲ့ရကြောင်း၊ ယင်းဖြစ်စဉ်တွင် စစ်တပ်သတင်းပေး အဖြစ် နေနီအောင်က ပါဝင်ဆောင်ရွက်ခဲ့ကြောင်း ၊ နေနီအောင် သည် ၂၀၂၁ ခုနှစ် ဇွန်လ ၂၂ ရက်နေ့ ထွန်တုံးမြို့သစ်၊ Apex ဘော်ဒါဆောင် စီးနင်းရခံမှု၏ နောက် ဆက်တွဲ မန္တလေး PDF ခေါင်းဆောင် ဗိုလ်ထွန်းတောက်နိုင် အပါအဝင် PDF များ ဖမ်းဆီးခံရခြင်း၊ PDF ၄ ဦးနှင့် ပြည်သူ ၄ ဦး သေဆုံးစေခဲ့မှုတွင် အဓိက သတင်းပေးခဲ့သူဖြစ်ကြောင်း၊ သတင်းပေးခဲ့မှု ကိုလည်း ၎င်း၏ အသိုင်းအ၀ိုင်းတွင် ၎င်းကိုယ်တိုင်ထုတ်ဖော် ဝန်ခံခဲ့ကြောင်း သိရှိရသည်။
ယင်းနောက်ပိုင်း နေနီအောင်က အောင်ပင်လယ်ရဲစခန်းနှင့်ပူးပေါင်းကာ ပြည်သူများကို ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်၊ ခြိမ်းခြောက်၊ ငွေကြေးတောင်းခံ ပြန်လွှတ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ထို့နောက် ဘုန်းကြီးဝတ်၍ တိမ်းရှောင် နေထိုင်ခဲ့ရာမှ ဩဂုတ်လ ၂ ရက်နေ့တွင် သတ်ဖြတ်ခံလိုက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။
ဩဂုတ်လ ၁ ရက်နေ့တွင် စစ်တပ်က နေနီအောင်ကို နန်းတွင် စစ်ကြောရေးသို့ ခေါ်ယူသွားခဲ့ပြီး ဩ ဂုတ်လ ၂ ရက်နေ့တွင် မန္တလေးတိုင်း အမရပူရမြို့နယ်၊ အမြန်လမ်း မိုင်တိုင် ၃၆၄ နှင့် ၄ ဖာလုံတွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေသော နေနီအောင်နှင့်အတူ အမျိုးသားတစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ရကြောင်း သိရှိရသည်။
မိုက်ကယ်ကျော်မြင့်သည် နေနီအောင်ထံသို့ အကြွေးပေးရန် တောင်းဆိုသည့် အသံဖိုင် သက်သေ ထွက်ပေါ်လျက်ရှိပြီး အသံဖိုင်တွင် ငွေကြေးမပေးနိုင်ပါက မြေကွက်များ ပေးရန် တောင်းဆိုကြောင်း၊ အဓိကအားဖြင့် မန္တလေး အပါအဝင် နိုင်ငံတစ်ဝန်း ပြုလုပ်ခဲ့သည့် စစ်တပ်ထောက်ခံပွဲ ငွေများ ခွဲဝေရာမှ အချင်းချင်း ဖြတ်ခုတ်လုကြသည့် အကြွေးဟု သိရှိရကြောင်း မဘသ အသိုင်းအ၀ိုင်းက ပြောသည်။
“အရင်နှစ်တွေက တပ်ထောက်ခံပွဲငွေတွေ နေနီအောင်က မပေးဘဲ ဖြတ်ခုတ်တယ်။ သိန်း ၅၀၀၀ လောက်ရှိတယ်ပြောတယ်ဗျ။ နေနီအောင်က အလုပ်ထဲမှာ ရင်းနှီးထားလို့ပါ ဆိုပြီး ပေးမယ်၊ ပေးမယ်နဲ့ ရက်ရွှေ့တယ်ပေါ့။ ပြဿနာဖြစ်စဉ်အစအဆုံး မသိပေမယ့် မိုက်ကယ်ကျော်မြင့်နဲ့ နေနီအောင် ပြောတဲ့ ဖုန်းအသံဖိုင်တွေ လိုင်းပေါ်တက်လာတယ်။ မိုက်ကယ်ကျော်မြင့်က အကြွေးရဖို့ မန္တလေးမှာ နေနီအောင်ကို လာစောင့်တယ်။ အခုနောက်ဆုံး နေနီအောင် အသတ်ခံရတာက မိုက်ကယ်ကျော်မြင့် လက်ချက်လို့ ဒီဘက် အသိုင်းအ၀ိုင်းက သုံးသပ်တယ်။ မိုက်ကယ်ကျော်မြင့်ကလည်း သူနဲ့ပိုင်တဲ့စစ်အရာရှိတွေ ဝိတ်သုံးပြီး ပြန်ဖြဲတယ်။ ရှုပ်တော့ ရှုပ်နေတယ်။ မိုက်ကယ်ကျော်မြင့်က အခု မဘသနဲ့ အမျိုး သားရေးသမားတွေရဲ့ ရန်သူလိုဖြစ်လာနေတယ်။ ဒါက သိရသလောက်ပါ” ဟု မဘသအသိုင်းအ၀ိုင်းက ဆိုသည်။
ယမန်နေ့ မန္တလေးတွင် မှားယွင်းပစ်ခတ်ခံမှုကြောင့် ကွယ်လွန်သွားသော ကိုစည်သူကိုကိုနှင့် မနှင်းဝေဝေလှိုင်အတွက် မိုက်ကယ်ကျော်မြင့်နှင့် အပေါင်းအပါ များက ဆန္ဒပြမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။