ရန်ကုန်၊ သြဂုတ် ၂၈
မကွေးတိုင်း ဂန့်ဂေါမြို့နယ် မောက်ရွာကို အကြမ်းဖက် စစ်တပ်က သြဂုတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ ပြည်သူ ၂ ဦးကို ဖမ်းဆီး သတ်ဖြတ် ခဲ့ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။
အကြမ်းဖက် စစ်တပ်သည် မောက်ရွာကို သြဂုတ်လ ၂၇ ရက်နေ့တွင် ဝင်ရောက် တပ်စွဲ ညအိပ်ပြီးနောက် သြဂုတ်လ ၂၈ ရက်နေ့တွင် ပြည်သူပိုင် နေအိမ် ၂၄ လုံးနှင့် နှမ်းတင်းရေ ၃၀၀၀ ခန့် မီးရှို့ ဖျက်ဆီးခဲ့ပြီး ပြည်သူ ၂ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
မောက်ရွာသည် အိမ်ခြေ ၈၀၀ ခန့်ရှိသော ကျေးရွာကြီးတစ်ရွာဖြစ်ပြီး လက်ရှိချိန်တွင် ရွာအတွင်း၌ ဒေသခံအဖွဲ့အစည်းများ နှင့် YDF တပ်ရင်း ၁၊ ၂၊ ၃၊ ၄ တို့မှ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေကာ အနီးအနား ဝန်းကျင်ကျေးရွာ ၅ ရွာမှ ဒေသခံပြည်သူများလည်း ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။
အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ် ဝယ်တောင်ကျေးရွာကို မီးရှို့ဖျက်ဆီးပြီး ထွက်ခွာလာသည့် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ PDF တပ်ဖွဲ့များ သြဂုတ်လ ၂၇ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း God of Myaing People’s Defence Force တပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါ ထိတွေ့တိုက်ပွဲသည် ဝယ်တောင်ရွာအနီး ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု ၁ နာရီခန့်ဖြစ်ပွားခဲ့ကာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများ ရှိနိုင်ပြီး God of Myaing People’s Defence Force၊ ပုလဲတပ်ရင်း (၆)နှင့် 7 Star တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။