ရန်ကုန်၊ ဩဂုတ် ၂၉
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ပြင်သာကျေးရွာအနီးရှိ မြစ်သာဆည် ဘုရားကုန်းမှတဆင့် EPC ရုံးဘက်သို့ ကင်းလှည့်လာသော အကြမ်းဖက်စစ်သား ၃ ဦးကို ဩဂုတ်လ ၂၉ ရက် ယနေ့ ၂၉ ရက် နံနက် ၁၀ နာရီတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း သတင်းရရှိသည်။
အဆိုပါ အရပ်ဝတ် စစ်သား ၃ ဦးမှာ ဆိုင်ကယ် ၂ စီး လက်နက်အပြည့်အစုံဖြင့် EPC ရုံးတွင်းသို့ ကင်းလှည့်နေစဉ် EPC ရုံးပေါက်ဝ၌ ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။
သေဆုံး စစ်သားများထံမှ လက်နက်များ ကောက်ယူရန် သွားရောက်ခဲ့သော်လည်း စစ်ကူလာရောက်သော ကား ၁ စီးကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း CDF KKG တပ်ရင်း ၅ က သတင်းထုတ်ပြန်သည်။
CDF-KKG တပ်ရင်း ၅၊ YDF တပ်ရင်း ၁၄၊ ထီးလင်းမြောက်ပိုင်း PDF ပူးပေါင်းတပ်ဖွဲ့က ၂ ရက်ကြာ ကင်းပုန်းဝပ်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓါတ်ပုံ – CDF-KKG တပ်ဖွဲ့ဝင်များ