25.8 C
Yangon

စစ်ကိုင်း၊ တောင်မြို့ကျေးရွာကို ဝင်ရောက်စီးနင်းပြီး PDF ရဲဘော်တစ်ဦးကို ပစ်သတ်ကာ အိမ်ခြေ ၃၀ ကျော်ကို မီးရှို့ဖျက်ဆီး ၊ ဂန့်ဂေါမြို့နယ်ရှိ ကျေးရွာ ၆ ရွာမှ နေအိမ် ၁၁၀ နီးပါးကို စစ်တပ်က မီးရှို့ပြီး ပြည်သူ ၁ ဦးကို သတ်ဖြတ်

Must read

ရန်ကုန်၊ ဩဂုတ် ၂၉

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် တောင်မြို့ကျေးရွာ ကို ယနေ့ နံနက် ၄နာရီခွဲအချိန် တွင် စစ်ကောင်စီတပ်များနှင့်ပျူစောထီး အင်အား ၅၀ က ဝင်ရောက်စီးနင်းပြီး PDF ရဲဘော်တစ်ဦးကို ပစ်သတ်ကာ အိမ်ခြေ ၃၀ ကျော်ကို မီးရှို့သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဩဂုတ်လ ၂၉ ရက်နေ့ နံနက် ၄ နာရီခွဲအချိန် စစ်ကောင်စီတပ်နှင့် ကြွယ်ပုံကျေးရွာမှ ပျူစောထီး အင်အား ၅၀ ကျော်က လက်နက်ကြီးများ ပစ်ခတ်ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးကြောင်း၊ အိမ်ခြေ ၃၀ ကျော် ခန့်ဆုံးရှုံးပြီး ပြည်သူများကို ကယ်ဆယ်နေသော PDF ရဲဘော်တစ်ဦး ပစ်သတ်ခံရကြောင်း သိရှိရသည်။

“ရွာထဲမှာ ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ထုတ်နေတဲ့ ကျေးရွာပကဖ ရဲဘော်ထက်မြက်ဇင် အသက် ၁၇ နှစ်ကိုစစ်တပ်က ပစ်သတ်သွားတယ်။ တောင်မြို့ရွာကနေ စစ်တပ်က အခု ထွက်ခွာသွားပြီး တောင်ကြားရွာကို အခု လက်နက်ကြီးတွေနဲ့ ထုနေတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်ကောင်စီတပ်များက ဩဂုတ်လ ၂၂ ရက်နေ့မှ ၂၉ ရက်နေ့အထိ ဝင်ရောက်ကာ နေအိမ် ၈၇ လုံး အပါအဝင် စစ်ရှောင်တဲ ၂၂ လုံး၊ စစ်ရှောင် စာသင်ကျောင်းတဲ နှစ်လုံး၊ နာရေးကား တစ်စီး၊ အိမ်စီးကား တစ်စီး၊ ဖောကား တစ်စီး၊ သုံးဘီးဆိုင်ကယ် နှစ်စီးနှင့် ဆိုင်ကယ် ရှစ်စီးကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဩဂုတ်လ ၂၂ ရက်နေ့တွင် စစ်တပ်က နှမ်းခါးချောင်း နှမ်းခါးရွာရှိ စစ်ရှောင်တဲ ၁၁ လုံး ၊ စစ်ရှောင်စာသင်ကျောင်းတဲ ၂ လုံး၊ နာရေးကား ၁စီး၊ အိမ်စီးကား ၁၊ ဖောကား ၁ ၊ သုံးဘီးဆိုင်ကယ် ၂စီး ၊ ဩဂုတ်လ ၂၃ ရက်နေ့တွင် နှမ်းခါးချောင်း မွှေ့လယ်ရွာရှိ စစ်ရှောင်တဲ ၁၁ လုံး (တဲများတွင်နှမ်းအိတ်များ၊ တစ်အိမ်လုံးရှိ ပစ္စည်းများထားရှိ) ၊ ဆိုင်ကယ် ၈ စီး ၊ ဩဂုတ်လ ၂၅ ရက်နှင့် ၂၆ ရက်နေ့များတွင် ထယ်လှော်ရွာရှိ ၁၄ အိမ် ၊ ဩဂုတ်လ ၂၇ ရက်နေ့တွင်မူ မောက်ရွာရှိ ၃၄ အိမ်နှင့် ပြည်သူ ၁ ဦးသေဆုံးကာ အခြားပြည်သူတစ်ဦး ပျောက်ဆုံးနေကြောင်း၊ ဩဂုတ်လ ၂၈ ရက်နေ့တွင် မောက်လင်းရွာရှိ ၂၄ အိမ် နှင့် ဩဂုတ်လ ၂၉ ရက်နေ့တွင်မူ ကျော်ရွာရှိ နေအိမ် ၁၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

“၂၂ ရက်နေ့ကတည်းက နှမ်းခါးရွာ အနောက်ဘက်မှာရှိတဲ့ စစ်ဘေးရှောင်တွေရဲ့ တဲ ၁၁ လုံးကို မီးရှို့သွားတယ်ဗျ။ ပြီးတော့ NUG က ကျောင်းပေါ့။ တောထဲမှာပဲ စစ်ဘေးရှောင်ရင်းနဲ့ စာသင်လို့ရအောင် ဆောက်ထားတဲ့ စစ်ရှောင် စာသင်ဆောင် မီးရှို့ခံရတယ်။ နာရေးကား တစ်စီး ဆေးနည်းနည်း ပါသွားတယ်။ အိမ်၊ ကား၊ ဖောကား၊ ဆိုင်ကယ်တွေရောပေါ့။ ပြီးတော့ မွှေ့လယ်ရွာကို ထပ်ရွှေ့တယ်။ မွှေ့လယ်ရွာ အနောက်ဘက်မှာရှိတဲ့ စစ်ဘေးရှောင်တဲ ၁၁ လုံး၊ ဆိုင်ကယ် ရှစ်စီး မီးရှို့ခံရတယ်။ အဲဒီ စစ်ဘေးရှောင်တဲတွေက ရွာထဲမှာ မနေဘဲ တောထဲမှာပဲ နေတော့ တစ်အိမ်လုံးက ပစ္စည်းတွေရော ခုနှမ်းပြီးတဲ့အခါကျတော့ ရာသီပေါ် နှမ်းတွေ စုထားတဲ့ဟာပေါ့။ ဆုံးရှုံးမှုတော့ အတော်များတယ်။အဲဒီကနေ ထယ်လှော်ရွာက အိမ် ၁၄ အိမ်။ မောက်ရွာမှာ ၃၄ အိမ်မီးရှို့တယ်။ မောက်ရွာမှာက နှမ်းတွေ တင်ထားတဲ့ ၁၂ ဘီးကားတစ်စီးလည်း မီးရှို့ခံရတယ်။ မောက်ရွာမှာက သူတို့ ဝင်လာတော့ အမျိုးသား အသက် ၅၀ အရွယ်လောက် လန့်ပြီး သေဆုံးတဲ့ ပုံရှိတယ်။ တစ်ဦးကတော့ ပျောက်ဆုံးနေတယ်။ ဒီနေ့လည်း ကျော်ရွာမှာ နေအိမ် ၁၅ အိမ်မီးရှို့သွားတယ်” ဟု အနောက်ပိုင်းတိုင်းစစ်ဒေသခွဲ တပ်ရင်း၇၀၁(YRPA) ဒုတပ်ရင်းမှူးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် လက်ရှိ စစ်ကြောင်းထိုးနေသော်လည်း PDF များနှင့် ထိတ်တိုက်တွေ့မှုကို အတတ်နိုင်ဆုံး ရှောင်ကွင်းကာ လူနေအိမ် အဆောက်အအုံရှိသည့် နေရာများကို သွား ရောက် မီးရှို့နေခြင်းဖြစ်ကြောင်း၊ အသေ အပျောက် နည်းနည်းဖြင့် ဂန့်ဂေါအထိ ရောက်အောင် သွားမည့်ပုံစံရှိနေကြောင်း YRPA ဒုတပ်ရင်းမှူးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

ဓါတ်ပုံ- ယနေ့ စစ်တပ်က မီးရှို့သွားသော စစ်ကိုင်း တောင်မြို့ကျေးရွာနှင့် အသတ်ခံရသော PDF ရဲဘော်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article