31 C
Yangon

ရေစကြိုတွင် တော်လှန်ရေးအမျိုးသမီးများ၏ ပစ်ခတ်မှုကြောင့် အလွန်ဆိုး သွမ်းသော ပျူစောထီးခေါင်းဆောင် ထွန်းအောင်ကျော်နှင့်အဖွဲ့ဝင် ၅ ဦး သေဆုံးပြီး လက်နက် များရရှိ၊ စျေးကို စစ်တပ်က မီးရှို့

Must read

ရန်ကုန်၊ ဩဂုတ် ၂၉

မကွေးတိုင်း၊ ရေစကြိုမြို့၏ နာမည်ကျော် ဆိုးသွမ်းသူ စစ်တပ်ထောက်ခံသူ၊ ပျူစောထီး ထွန်းအောင်ကျော်နှင့်အဖွဲ့ ဝင် ၅ ဦးကို တော်လှန်ရေး အမျိုးသမီးရဲဘော်များက ပစ်ခတ်ရာ ပျူစောထီး ၆ ဦးသေဆုံးပြီး လက် နက်များ ရရှိကြောင်း ဒေသခံများနှင့် ဒေသကာကွယ်ရေးသတင်းရင်းမြစ်ထံမှ သိရှိရသည်။

ဩဂုတ်လ ၂၉ ရက်နေ့ နံနက် ၈ နာရီခွဲအချိန် ရေစကြိုမြို့၊ ဘောလုံးကွင်း ပျံကျစျေးကို စျေးကောက် ကောက်ရန်အတွက် ပျူစောထီး ခေါင်းဆောင် ထွန်းအောင် ကျော်နှင့် အဖွဲ့ဝင် ၅ ဦးက ကားဖြင့် လာရောက်ကြောင်း ၊ ထိုအချိန် တော်လှန်ရေးရဲဘော် အမျိုးသမီး ၆ ဦးက ထွန်းအောင်ကျော်တို့ ရောက်ရှိနေချိန် ရှေ့နောက် ညှပ်ပစ်ရာမှ ထွန်းအောင်ကျော် အပါအဝင် ပျူစောထီး ၆ ဦး နေရာတွင်ပင် သေဆုံးပြီး လက်နက် ၆ လက်ရရှိကြောင်း သိရှိရသည်။

“မနက်၈နာရီ ခွဲလောက်မှာ ရေစကြိုဘောလုံးကွင်းစျေးကို ထွန်းအောင်ကျော်အဖွဲ့က စျေး ကောက် လာကောက်ပါတယ်။ မိန်းကလေး၆ယောက်လောက် စျေးရောင်းတဲ့ပုံစံနဲ့ ဆိုင်ကယ်ဘေးတွဲနှင့်အရင်ရောက်နေတာ။ ထွန်းအောင်ကျော်နဲ့ ပျူအဖွဲ့က လက်နက်တွေနဲ့ ရောက်အလာမှာ အမျိုးသမီးတွေက ​ရှေ့ နောက်ညှပ်ပစ်ပါတယ်။ လက်နက်တွေနဲ့ ဖုန်း၂ လုံးရှိပါတယ်။ လာပစ်တာက မိန်းကလေးချည်းပါပဲ။ ပျူစောထီးတွေ ပြန်ပစ်ချိန်တောင်မရပါဘူး။ မသာပေါ်ကုန်တယ်” ဟု မျက်မြင် ဒေသခံတစ်ဦးက ပြောသည်။

ပစ်ခတ်မှုကြောင့် စျေးသည်များအားလုံး ထွက်ပြေးသွားကြပြီး ဘောလုံးကွင်းစျေးတွင် စျေးသည်များ ကျန်ရစ်ခဲ့သော ကုန်ပစ္စည်းများနှင့်စျေးတစ်ခုလုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးကြောင်း၊ ယင်းနောက် ရေစကြိုမြို့နယ်၏ အရှေ့ဘက်ကမ်း သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လျက်ရှိကြောင်း၊ စစ်တပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ချင်းတွင်းမြစ်တွင် စက်လှေဖြင့်အလုပ်လုပ်ကိုင်နေ‌သူ ရွှေကျောင်းကျေးရွာမှ အမျိုးသမီးတစ်ဦး ကျည်ထိမှန် သေဆုံးသွားကြောင်း ဒေသခံများက ဆိုသည်။

ယနေ့ ပစ်ခတ်ခံရမှုကြောင့် သေဆုံးသူ ပျူစောထီးခေါင်းဆောင် ထွန်းအောင်ကျော် သည် ယခင် သမ္မတရုံးဝန်ကြီးဟောင်း ဗိုလ်ချုပ်စိုးမောင်၏ တပည့်အရင်းဖြစ်ပြီး မြို့နေပြည်သူများကို ဒုက္ခပေးနေသူဖြစ်ကြောင်း သိရှိရသည်။

“ကျနော်တို့ ရေစကြိုမြို့ရဲ့ အကြီးဆုံး ဒလန်ကောင်၊ မြို့ခံလူထုရဲ့ ကျိန်ဆဲအခံရဆုံးကောင် အဲဒီကောင် ထွန်းအောင်ကျော်က ။ ဆင်ချောင်း စိုးမောင်(ဗိုလ်ချုပ်စိုးမောင်) တပည့်အရင်း။ စစ်တပ်အားကိုးပြီး မြို့ပေါ်ကလူတွေကို ဒုက္ခမျိုးစုံပေး နေတဲ့ ပျူစောထီးခေါင်းဆောင် ထွန်းအောင်ကျော်။ အခုတော့ သေပြီ” ဟု မြို့ခံတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ယနေ့နံနက် ပစ်ခတ်မှုကြောင့် ပျူစောထီး ၆ ဦးသေဆုံးသည့်အတွက် စစ်ကောင်စီတပ်က ရေစကြို ဘောလုံးကွင်းစျေးကို မီးရှို့ဖျက်ဆီးထားစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article