34 C
Yangon

ရွှေကျင်မြို့နယ်၊ စစ်ကောင်စီတပ်၏ သံဆိပ်စခန်းကို KNLA တိုက်ခိုက်သိမ်း ပိုက်၊ စခန်းစွန့်ခွာသော စစ်သားများက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ် ခတ်၍ ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ ဩဂုတ် ၃၁

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ သံဆိပ်မင်းလမ်းကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို KNLA တပ်မဟာ ၃၊ တပ်ရင်း ၇ က ဩဂုတ်လ ၃၀ ရက် ယမန်နေ့ နံနက်တွင် ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် သံဆိပ်စခန်းကို စွန့်ခွာထွက်ပြေးကာ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပြန်လည် ပစ်ခတ်မှုကြောင့် ရွာသား ၂ ဦးသေဆုံးပြီး ကလေးငယ် ၂ ဦးအပါအဝင် ၃ ဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။

“၅ နာရီဝန်းကျင်မှာ စစ်တပ်ရဲ့စခန်းကျသွားတယ်၊ အဲဒီစခန်းမှာ ရဲရော စစ်သားရောရှိတယ်။ တချို့ ဒဏ်ရာရပြီး အကုန်ထွက်ပြေးသွားတယ်။ ဘယ်နှစ်ယောက်လဲတော့ အတည်မပြုနိုင်သေးဘူး။ ပြေးသွားတဲ့ ကောင်တွေက လက်နက်ကြီးနဲ့ ရွာထဲပြန်ပစ်တာ ရွာသား ၂ ဦးသေပြီး ၃ ဦး ဒဏ်ရာရတယ်” ဟု KNLA တပ်မဟာ ၃ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ အတည်ပြုပြောဆိုသည်။

ဒဏ်ရာရသူများထဲတွင် ၃ နှစ်အရွယ်နှင့် ၁၀ နှစ်အရွယ် ကလေးငယ်များ ပါဝင်ကြောင်း သိရှိရသည်။

KNLA တပ်မဟာ ၃ တပ်ရင်း ၇ တပ်ဖွဲ့များက သံဆိပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှုနှင့် စစ်ကောင်စီတပ် အသေအဆုံးစာရင်းကို တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပေ။

အကြမ်းဖက်စစ်သားများက စခန်းစွန့်ခွာထွက်ပြေးပြီးနောက် ယမန်နေ့တွင် အကြမ်းဖက်စစ်တပ်က အင်အားဖြည့်တင်းကာ ပြန်လည် ထိုးစစ်ဆင်နေကြောင်း သိရှိရပြီး နောက်ဆက်တွဲ တိုက်ပွဲအသေးစိတ်ကို မသိရှိရသေးပေ။

အကြမ်းဖက်စစ်တပ်၏ ပြန်လည်ထိုးစစ်ဆင်နေမှုကြောင့် သံဆိပ်မင်းလမ်းကျေးရွာ၊ သံဆိပ်ရွာမကျေးရွာ၊ အင်္ဂနီကျေးရွာ၊ ကျောက်တန်းကျေးရွာမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရှိရသည်။

သံဆိပ်မင်းလမ်းရွာသည် ရွှေကျင်မြို့နယ်နှင့် ကျောက်ကြီးမြို့နယ်ကို ဆက်သွယ်ထားသော ကားလမ်းပေါ်တွင်တည်ရှိပြီး ရွှေကျင်မြို့မှ ၁၀ မိုင်ခန့် ကွာဝေးသည်။

ဆောထိ (ရွှေကျင်) မြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး KNU တပ် မဟာ ၃ အုပ်ချုပ်နယ်မြေအတွင်း၌ တည်ရှိပြီး KNU စီမံအုပ်ချုပ်ရေးစတင်မည်ဟု ဇူလိုင်လတွင် ထုတ်ပြန်ကြေညာထားသည်။

ဓာတ်ပုံ- စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်၍ ဒဏ်ရာရရှိသော ကလေးငယ်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article