36 C
Yangon

စစ်တပ်နှင့်ရဲကို သက်စွန့်ဆံဖျားစရိတ်ဟု အမည်တပ်၍ တစ်ဦးလျှင် ငွေကျပ်သုံးသောင်း မင်းအောင် လှိုင်အမိန့်ဖြင့် လစာတိုးပေး ၊ စစ်တပ်နှင့်ရဲတပ်ဖွဲ့အတွက် လစဉ် ငွေကျပ် ဘီလီယံ ဆယ်ချီ၍ အသုံးစရိတ်တိုးလာ

Must read

ရန်ကုန်၊ ဩဂုတ် ၃၁

မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီက စစ်သားနှင့်ရဲများကို သက်စွန့်ဆံဖျား စရိတ်ဟုအမည် တပ်၍ တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်း လစာတိုးမြှင့်ပေးလိုက်ကြောင်း နေပြည် တော် စစ်ဘက် သတင်းရပ်ကွက်က အတည်ပြုပြောဆိုသည်။

ရဲတပ်ဖွဲ့က ယခင်ဇူလိုင်လမှစတင်၍ တိုးမြှင့် ရရှိခြင်းဖြစ်ပြီး စစ်တပ်ကမူ ဩဂုတ်လမှစတင်၍ သက်စွန့်ဆံဖျား စရိတ် ရရှိခြင်းဖြစ်ကြောင်း၊ စစ်တပ်မိသားစုအများအပြား ယင်း သက်စွန့်ဆံဖျား စရိတ်ကို ရရှိနေကြပြီဖြစ်ကြောင်း သိရှိရသည်။

“ယခင်တုန်းက တစ်ဦးကို ၁၀၀၀၀ ကျပ် ပေးတယ်။ အခု ထပ်တိုးတာက ၂၀၀၀၀ စုစုပေါင်း တစ်ဦးကို သုံးသောင်း ထပ်တိုးတာပေါ့။ လစာတိုးတယ်လို့ အမည်မတပ်ဘူး။ လစာတိုးတယ်ပြောရင် စျေးတက်မှာနဲ့ အခြား ဝန်ထမ်းတွေရဲ့ အငြိုအညင် ခံရမှာစိုးလို့ထင်ပါတယ်” ဟု နေပြည်တော် သတင်းရင်းမြစ်က ပြောသည်။

ရန်ကုန်ခေတ်သစ်က ပုံမှန် စီးပွားရေးသတင်း ဆက်သွယ်မေးမြန်းနေသော ရန်ကုန်စီးပွားရေးသမားကမူ စစ်တပ်နှင့်ရဲ နှစ်ဖွဲ့စလုံးပေါင်းပါက တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ ကျပ်တိုးမြှင့်မှုသည် လစဉ် ငွေကျပ် ဘီလီယံ ဆယ်ချီ၍ အသုံး စရိတ် တိုးလာခြင်းဖြစ်ပြီး စစ်ကောင်စီ၏ အသုံးစရိတ် မြင့်တက်လာခြင်းဟု ဆိုနိုင်ကြောင်း၊ တိုင်းပြည်စီးပွား ပြိုလဲခါနီးတွင် ကျပ်ငွေသုံးစွဲမှု ပမာဏ ထပ်မံ တိုးမြှင့်ခြင်းဟု ဆိုနိုင်ကြောင်း သုံးသပ်သည်။

“ကျပ်ငွေ ပမာဏ သုံးစွဲမှု က ကြီးလာတယ်။ လစဉ် ပေးရမယ့် စစ်ကောင်စီရဲ့ အသုံးစရိတ်တွေထဲမှာ ထပ်ပြီးတော့ ကျပ်ငွေ ၁၀ ဘီလီယံကျော်လောက် ပုံမှန်တိုးလာတယ်ဆိုတာက အမြဲတမ်းတိုးတော့မယ့်ပမာဏ။ လစာခေါင်းစဉ် အပြင်က ထပ်ပေးရတာ။ ဝင်ငွေနည်းနေချိန်မှာ အသုံးစရိတ်က တိုးလာတာ။ ဘာမှ ဝင်ငွေမရှိဘဲ ကိုယ်အိတ်ထဲက ကိုယ့်ဟာကိုယ် ငွေရိုက်သုံးတာပဲ” ဟု ရန်ကုန်စီးပွားရေးသမားက ဆိုသည်။

အကြမ်းဖက် စစ်ကောင်စီလက်အောက်တွင် အလုပ်လုပ်နေကြသော စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ CDM မဝင်စေရန်၊ နိုင်ငံရေးအရ ပိုမိုခိုင်း ကောင်းစေရန် လစာကဲ့သို့ ထပ်ဆောင်း ဝင်ငွေ တိုးမြှင့်ပေးခြင်းဖြစ်ကြောင်း၊ ငွေကျပ် သုံးသောင်း ပမာဏသည် ကုန်စျေးနှုန်းနှင့် နှိုင်းယှဉ်လျှင် မများပြားလှသော်လည်း စစ်သားနှင့်ရဲမိသားစုက မက်မောကြသည်ဟု တပ်တွင်းသတင်းရင်းမြစ်က ဆိုသည်။

ဓာတ်ပုံ- အမျိုးသမီးစစ်သည် ၂ ဦးနှင့် ဟန်ရေးပြ ထမင်းစားနေသည့် အကြမ်းဖက် မင်းအောင်လှိုင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article