ရန်ကုန်၊ စက်တင်ဘာ ၁
အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ ညွှန်ကြားချက်ဖြင့် လစဉ် တပ်ရင်းတပ်ဖွဲ့များတွင် ဒါဘာ အစည်းအဝေးများပြုလုပ်ကြရာတွင် NUG က ယခုနောက်ဆုံး လုပ်ဆောင်နေသည့် ဒရုန်းစစ်ဆင်ရေးကို သတိထားကြရနှင့် ကြောက်စရာမလိုကြောင်း၊ သို့သော်လည်း မကြောက်ဘဲလည်း မနေကြရန် လိုအပ်သည်ဟု မင်းအောင်လှိုင်က ညွှန်ကြားထားကြောင်း သိရှိရသည်။
ဩဂုတ်လ ၃၀ ရက်နေ့တွင် နိုင်ငံတစ်ဝန်း တပ်ရင်း၊ တပ်ဖွဲ့များတွင် ဒါဘာအစည်းအဝေးများ ပြုလုပ်ပြီး NUG ၏ ဒရုန်းစစ်ဆင်ရေးသည် သတိထားရမည့် ခေါင်းစဉ်အဖြစ် အကျယ်တဝင့် ဆွေးနွေး ညွှန်ကြားလာခြင်းဖြစ်သည်ဟု သိရှိရသည်။
“တပ်တွင်းဒါဘာတွေမှာ NUG ရဲ့ ဒရုန်း စစ်ဆင်ရေးကို အဓိက အသားပေးပြောပါတယ်။ ဒီကောင်တွေကိုကြောက်စရာမလိုဘူး။ သတိထားရမယ်။ ဒါပေမယ့် မကြောက်ဘဲနဲ့လည်း မနေကြနဲ့လို့လည်း ထပ်ပြောပြန်တယ်။ အဓိပ္ပာယ်က မင်းတို့ လုံခြုံရေးကို ဂရုစိုက်ရင် ကြောက်ဖို့မလိုဘူး။ လုံခြုံရေးလစ်ဟာရင် ဒါက ကြောက်စရာ၊ မကြောက်ရမယ့်ဟာ မဟုတ်ဘူး။ လုံခြုံရေးကို ဂရုစိုက်ဖို့ကို အဓိက ပြောချင်တဲ့သဘောပါ” ဟု တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။
လက်ရှိတွင် တပ်ရင်း၊ တပ်ဖွဲ့များတွင် ဒရုန်းများကို ဖြတ်ချသည့် ဒရုန်းကာကွယ်ရေးစနစ် တပ်ဆင်ရန် ပြင်ဆင်နေသော်လည်း လိုအပ်ချက်များစွာရှိနေကြောင်း၊ ထို့ကြောင့် လက်နက်တိုက်များကို ဦးစားပေး တပ်ဆင်နေကြောင်း၊ သို့ရာတွင် ကိုက် ၅၀၀ အတွင်း တစ်မိုင်ပတ်လည်သာ သက်ရောက်မှုရှိနိုင်သည်ဟု သိရှိရသည်။
“တပ်ရင်းတပ်ဖွဲ့တွေကို ဒရုန်းကာကွယ်တဲ့စနစ်တွေ တပ်မယ်။ လက်နက်တိုက်နဲ့ အရေးကြီးသောနေရာတွေမှာ တပ်ထားတယ်။ ကိုက် ၅၀၀ လို့လည်းပြောတယ်။ တစ်မိုင်ပတ်လည်လို့လည်းပြောပါတယ်” ဟု တပ်သတင်းရင်းမြစ်က ပြောသည်။
တပ်ဒါဘာအစည်းအဝေးများတွင် NLD က မဲ မသမာမှု လုပ်၍ လက်ရှိ အခြေအနေဖြစ်လာရခြင်းဖြစ်ပြီး ညှိနှိုင်း ဖြေခဲ့လျှင် လက်ရှိ အခြေအနေအထိ မဖြစ်လာနိုင်ဟုလည်းကောင်း၊ စစ်တပ်အနေဖြင့် အာဏာမထိန်းလိုဘဲ ထိန်းရခြင်းဖြစ်သည်ဆိုသော ယခင်ပြောနေကြစကားများကိုပဲ ထပ်ခါ ထပ်ခါ ထပ်မံ ပြောဆိုသွားကြောင်း သိရှိရသည်။

