30 C
Yangon

ပြည်တွင်းနှင့် ဒေသတွင်း မတည်ငြိမ်မှုများကို ဖြစ်ပေါ်စေသည့် မြန်မာစစ်တပ်

Must read

By Ye Myo Hein & Lucas Myers

၁၉၄၈ခုနှစ်တွင် ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေးရရှိပြီးကတည်းက မြန်မာနိုင်ငံသည် ကမ္ဘာ့ သက်တမ်းအရှည်ဆုံး ပြည်တွင်းစစ်ကို တောက်လျှောက်ကြုံတွေ့နေရသည်။ တိုင်းပြည်တည်ငြိမ်အောင် ဆောင်ရွက်နေသည်ဟုဆိုသော်လည်း စစ်တပ်ဟုခေါ်ဆိုကြသည့် မြန်မာလက်နက်ကိုင်တပ်ဖွဲ့သည် ဆယ်စုနှစ်များနှင့်ချီနေသည့် အုပ်စိုးမှုကာလအတွင်း ပဋိပက္ခများကိုသာ ပိုမိုဆိုးဝါးစေခဲ့ပြီး တိုင်းပြည်ကို မတည်ငြိမ်မှုများ ထုတ်လုပ်သော ပင်ရင်းနိုင်ငံတစ်ခုအဖြစ်သို့ ပြောင်းလဲရောက်ရှိသွားစေခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံသည် ဖရိုဖရဲအခြေအနေသို့ နောက်တစ်ကြိမ် သက်ဆင်းသွားခဲ့သလို တည်ငြိမ်၍ စည်ပင်ဝပြောသောနိုင်ငံဆီ ပြန်လည်ဦးတည်နေသော လမ်းကြောင်းမှလည်း ရုတ်တရက်စွန့်ခွာ၍ ကျရှုံးနိုင်ငံဖြစ်စေမည့်လားရာသို့ ထိုးကျသွားခဲ့သည်။

စစ်တပ်က အာဏာဆုပ်ကိုင်ထားနေသမျှ မြန်မာနိုင်ငံသည် အကြမ်းဖက်မှုနွံအတွင်းမှ ရုန်းမထွက်နိုင်ဘဲ အလုံးစုံပျက်သုဉ်းမှု ချောက်ကမ်းပါးဆီသို့သာ ဦးတည်နေမည်ဖြစ်သည်။ ၁၉၆၀ ပြည့်လွန်နှစ်များ နောက်ပိုင်း မကြုံဖူးသေးသည့် ပြင်းထန်မှုမျိုးဖြင့် ပြန်လည်ဖြစ်ပေါ်လာသော မြန်မာ့ပြည်တွင်း အကြမ်းဖက်မှုများသည် အိမ်နီးချင်းနိုင်ငံများအထိ ကူးစက်ပျံ့နှံ့လာကာ အထိုက်အလျောက် တည်ငြိမ်နေသည့် ဒေသအခြေအနေများကို ယိုယွင်းပျက်ပြားစေမည့် အလားအလာရှိနေသည်။

ဒုက္ခသည်အရေးနှင့် အခြားလူသားချင်းစာနာမှု အတိဒုက္ခများ ပျံ့နှံ့ဖြစ်ပေါ်လာသည့် အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်မှုများ၊ နိုင်ငံတကာစံနှုန်းများကို သွေဖီဆန့်ကျင်သော ရပ်တည်ချက်များ စသည့်ဆိုးဝါးသော အခြေအနေအရပ်ရပ်သည် ၂၀၂၁ ခုနှစ်မတိုင်မီကထက် ယခုအခါ ဖြစ်တန်ချေ ပိုမိုများလာလျက်ရှိသည်။

ဒေသဆိုင်ရာအဆင့်တွင် တရုတ်၊ တောင်အာရှနှင့် အရှေ့တောင်အာရှတို့ တွေ့ဆုံရာ အချက်အခြာဆုံမှတ်၌ တည်ရှိနေသော စစ်တပ်ချုပ်ကိုင်နေသည့် မြန်မာနိုင်ငံသည် ဒေသဆိုင်ရာ အခင်းအကျင်းအတွက် အထင်အရှား စိန်ခေါ်မှုတစ်ခုပင် ဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့အတွင်း ကဖျက်ယဖျက်လုပ်မည့် နိုင်ငံတစ်နိုင်ငံ အဖြစ်လည်းကောင်း၊ ယူကရိန်းအား ရုရှား၏ကျူးကျော်မှုနှင့် ထိုင်ဝမ်အပေါ် ပေကျင်း၏ ခြိမ်းခြောက်နေမှုများအား အသံကုန်ဟစ်ကြွေး ထောက်ခံအားပေးလိုသည့် သွေဖီရေးဝါဒီနိုင်ငံ တစ်နိုင်ငံအဖြစ်လည်းကောင်း ရပ်တည်လာလျက်ရှိသည်။

အခြေအနေယိမ်းယိုင်နေသော စစ်ကောင်စီကို ကျားကန်ပေးနေမည့်အစား မြန်မာ့အိမ်နီးနားချင်း နိုင်ငံများအနေဖြင့် စစ်တပ်သည် မြန်မာ့အတိတ်ကာလ မတည်ငြိမ်မှုများ၏ ပင်မအကြောင်းရင်းဖြစ်သလို အနာဂါတ်ကာလ၌လည်း မကြုံဖူးသေးသည့် အတိုင်းအတာအထိ မတည်ငြိမ်မှုများ ဆက်လက်ထုတ်လုပ်နေဦးမည့် အချက်ကို နားလည်သဘောပေါက်ထားသင့်သည်။

ထင်ရာစိုင်းနေသည့် မြန်မာစစ်ကောင်စီသည် မြန်မာ့တည်ငြိမ်မှုကို ပိုမိုပျက်ပြားစေမည်သာမက ၎င်းမတည်ငြိမ်မှုများအား ဒေသတွင်းမှတစ်ဆင့် နိုင်ငံတကာ မတည်မငြိမ်ဖြစ်မှုများဆီအထိ ဆက်လက်ကူးစက် ဖြစ်ပေါ်စေလိမ့်မည်လည်းဖြစ်သည်။ မြန်မာနိုင်ငံ၏ မတည်ငြိမ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် စစ်ကောင်စီ၏ ပကတိအခြေအနေမှန်ကို သိရှိနားလည်ပြီး စစ်အုပ်ချုပ်ရေး အဆုံးသတ်သွားစေအောင် ဒီမိုကရေစီ လှုပ်ရှားမှုကို ပိုမိုတိုးမြှင့်ထောက်ပံ့နိုင်ရေး အထူးကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်သည်။

ပြည်တွင်းနှင့် ဒေသတွင်း မတည်ငြိမ်မှုများ ဖြစ်ပေါ်စေသည့် မြန်မာစစ်တပ်

စစ်တပ်၏ မတရားအုပ်ချုပ်မှုကြောင့် မြန်မာနိုင်ငံသည် မတည်ငြိမ်မှု ချောက်ကမ်းပါးစွန်း၌ အမြဲ တွဲလွဲခိုလျက်ရှိသည်။ အမှန်စင်စစ် မိမိ၏နိုင်ငံရေးဦးဆောင်မှုကို ကာကွယ်ရန် ကာလရှည်စစ်ပွဲအား စစ်တပ်၏ ထိန်းချုပ်ကိုင်တွယ်နိုင်စွမ်း မရှိခြင်းက မြန်မာ့ပြည်တွင်းရေး ပဋိပက္ခကို ပိုမိုဆိုးဝါးစေခဲ့သည်။ ယခင်ခေတ်များက စစ်တပ်သည် အကြမ်းဖက်ဖိနှိပ်မှုများကို နယ်စွန်နယ်ဖျားဒေသများ၌သာ အဓိကပြုလုပ်ရင်း မိမိအဖွဲ့အစည်းနှင့် မိမိအုပ်ချုပ်သောနိုင်ငံကို ကမ္ဘာ့နိုင်ငံရေးစင်မြင့်မှ ဝေးရာတွင် အထီးကျန် တည်ရှိစေခဲ့သည်။

သို့တိုင်အောင်လည်း မြန်မာ့မတည်ငြိမ်မှုကြောင့် ဂယက်ရိုက်မှုများရှိခဲ့သည်။ နှစ်ပရိစ္ဆေဒရှည် ကြာနေသော နိုင်ငံတွင်းမတည်ငြိမ်မှုက ကမ္ဘာ့ထိပ်တန်း မူးယစ်ဆေးဝါး ထုတ်လုပ်ရာ နယ်မြေဖြစ်သော ရွှေတြိဂံဒေသကို ပေါ်ထွန်းလာစေခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများအား စစ်တပ်၏ပုံမှန် စစ်ဆင်ချေမှုန်းမှုများကြောင့် ကြီးမားပြင်းထန်သည့် အကြမ်းဖက်မှုများသည် နယ်စပ်ဒေသများကိုပင် ဖြတ်ကျော်ဖြစ်ပွားခဲ့သည်။

၂၀၁၅ ခုနှစ် ကိုးကန့်ဒေသတိုက်ပွဲအတွင်း တရုတ်ပိုင်နက်ထဲသို့ စစ်တပ်၏ မှားယွင်းဗုံးကြဲမှုကြောင့် အရပ်သားအများအပြား သေဆုံးခဲ့ရပြီး ဒုက္ခသည်များ ယူနန်ပြည်နယ်ထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ စစ်တပ်၏ နောက်တစ်ကြိမ် အကြမ်းဖက်မှုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ဒုက္ခသည် ၉ သိန်းကျော်ထွက်ပြေးသွားစေခဲ့သည့် ၂၀၁၇ ခုနှစ် ရိုဟင်ဂျာလူမျိုးသုဉ်း သတ်ဖြတ်မှုဖြစ်သည်။

ထို့အပြင် မြန်မာစစ်တပ်အပေါ် နိုင်ငံတကာ၏ စိုးရိမ်ပူပန်မှုကို ပြသသည့်အနေဖြင့် မြန်မာစစ်တပ်သို့ မြောက်ကိုရီးယား၏ နယူကလီးယားအကူအညီ ပေးအပ်နိုင်ဖွယ်ရှိမှုကို စိုးရိမ်မကင်းဖြစ်မိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ၂၀၀၉ခုနှစ်အတွင်း ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။

၂၀၂၁ အာဏာသိမ်းမှုအလွန် အခြေအနေများက မတည်ငြိမ်မှုကို အလွန်အမင်း အရှိန်အဟုန် မြင့်တက်လာစေကာ အဆိုးသံသရာအတွင်း နောက်တစ်ကျော့ ပိုမိုပြင်းထန်စွာ လည်ပတ်စေမည့် ကျရှုံးနိုင်ငံအဆင့်သို့ မြန်မာနိုင်ငံအား သက်ဆင်းသွားစေနိုင်သော အန္တရာယ်ကျရောက်လာခဲ့သည်။

စစ်တပ်၏ အကြမ်းဖက်မှုအလေ့အထနှင့် ပစ်လိုက်ရပ်လိုက် အကြိမ်ကြိမ်ဖြစ်ပွားနေသော ပြည်တွင်းစစ် တိုက်ပွဲများသည် ယခင်က လူများစုဗမာလူမျိုးများနှင့် သက်ဆိုင်ခြင်း မရှိခဲ့သော်လည်း ၂၀၂၁ ခုနှစ်တွင် ဆန္ဒပြသူများကို ပရမ်းပတာ အကြမ်းဖက်နှိမ်နှင်းမှုများကြောင့် လူအများ၏ ပုန်ကန်တော်လှန်မှုသည် မြန်မာတိုင်းရင်းသားလူမျိုးစု အားလုံးအကြား ပျံ့နှံ့ ဖြစ်ပွားလာခဲ့သည်။

ထို့ကြောင့် ကြီးမားပြင်းထန်သည့် ပြည်တွင်းစစ်သည် တိုင်းပြည်၏ မြို့နယ်ပေါင်း ၃၃၀ အနက် ၂၆၆ မြို့နယ်အထိကျယ်ပြန့်လာသည်။ မကြုံဖူးလောက်အောင် ကြီးမားသည့် စစ်ပွဲ၏အတိုင်းအတာနှင့် မည်သည့်ဖက်ကမျှ စေ့စပ်ညှိနှိုင်းလိုခြင်း မရှိမှုများက နှစ်ပေါင်းများစွာ ဆက်လက်ကြာမြင့်သလို ကြီးကြီးမားမား နေရပ်စွန့်ခွာရမှုများ ဆက်လက်ဖြစ်ပွားနေဦးမည့် ကာလရှည်စစ်ပွဲတစ်ခုကို ကြိုတင်နိမိတ်ဖတ်လျက်ရှိသည်။

စစ်တပ်၏ လွဲမှားသောစီမံခန့်ခွဲမှု၊ မလျှော့တမ်း ဆက်လက်တိုက်ပွဲဝင်နေသော အရပ်ဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုနှင့် နိုင်ငံတကာစီးပွားရေးလုပ်ငန်းများ တိုင်းပြည်တွင်းမှ စွန့်ခွာ ထွက်သွားမှုတို့က အခြေအနေကို ပိုမိုဆိုးဝါးစေလျက်ရှိသည်။ အာဏာသိမ်းမှု၏ အကျိုးဆက်အဖြစ် တိုင်းပြည်စီးပွားရေးနှင့် အစိုးရလုပ်ငန်းယန္တရားမှာ ပြိုလဲလုနီးပါး အခြေအနေသို့ ဆိုက်ရောက်နေသည်။ မြန်မာ့လူဦးရေ၏ ၄၀ % သည် ဆင်းရဲမွဲတေလျက်ရှိပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေး၏ ရလဒ်များကို ပြောင်းပြန်လှန်၍ ဆင်းရဲမှုနှုန်း နှစ်ဆအထိ မြင့်တက်လာသည်ဟု ကမ္ဘာ့ဘဏ်ကခန့်မှန်းထားသည်။

ထို့အပြင် ဂျီဒီပီသည် ၂၀၁၉ ခုနှစ်ကထက် ၁၃ ရာခိုင်နှုန်းလျော့နည်းသွားကာ စီးပွားရေး၌ စစ်ကောင်စီ၏ ဝင်ရောက်စွက်ဖက်မှုနှင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကို စိုးရိမ်ထိတ်လန့်၍ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ၏ မြန်မာနိုင်ငံအတွင်း ပြန်လည်ဝင်ရောက် လုပ်ကိုင်မည့်အလားအလာမှာလည်း နည်းပါးလျက်ရှိသည်ဟု အစီရင်ခံစာများကဖော်ပြသည်။

အာဏာသိမ်းမှုအလွန်ကာလ ဘက်ပေါင်းစုံအကြပ်အတည်းများ၊ အာဏာလွန်ဆွဲနေသော အုပ်စုများဖြင့် မြန်မာနိုင်ငံသည် မိမိနိုင်ငံနယ်နိမိတ်ထက် ကျော်လွန်သက်ရောက်စေနိုင်သော မတည်ငြိမ်မှု၊ ဖရိုဖရဲ ဖြစ်မှုများ အတိပြီးသည့် အာကာသတွင်းနက်ကြီးတစ်ခုသဖွယ် တစ်စတစ်စ ဖြစ်ပေါ်လာသည်။

ယခင် စစ်အုပ်ချုပ်ရေးကာလများကလည်း မတည်ငြိမ်မှုများဖြစ်ခဲ့သလို ဒေသအတွင်း ကူးစက်မှုများ ရှိခဲ့သော်လည်း ကြီးထွားလာသည့် ယခုပြဿနာအရွယ်အစားမှာ မြန်မာ့အိမ်နီးချင်းနိုင်ငံများအတွက် ယခင်ဆယ်စုနှစ်များထက်ပို၍ အလွန်အမင်း စိုးရိမ်ပူပန်စရာအနေအထားသို့ ရောက်ရှိလာသည်။

တောင်အာရှနှင့် အရှေ့တောင်အာရှသို့ ကူးစက်ပျံ့နှံလာမည့်အန္တရာယ်

အာဖဂန်နစ္စတန်၊ အီရတ်၊ ဆိုမာလီယာနှင့် ဆီးရီးယားနိုင်ငံ ပြည်တွင်းစစ်များ၏ သက်ရောက်မှုကြောင့် ပတ်ဝန်းကျင်ဒေသကို မတည်မငြိမ်ဖြစ်စေခဲ့သည့် အနေအထားမျိုးကဲ့သို့ပင် အစိတ်စိတ်အမွှာမွှာ ပြိုလဲနေသောမြန်မာနိုင်ငံသည် တောင်အာရှနှင့် အရှေ့တောင်အာရှဒေသ၌ အလားတူမတည်ငြိမ်မှုများ ဖြစ်ပေါ်စေရန် ခြိမ်းခြောက်လျက်ရှိသည်။ တောင်အာရှနှင့် အရှေ့တောင်အာရှ လမ်းဆုံလမ်းခွတွင် တည်ရှိနေပြီး ပဋိပက္ခတောမီး အဝိုင်းခံနေရသော ပြိုလဲလုလု မြန်မာနိုင်ငံကြောင့် နိုင်ငံဖြတ်ကျော် အကြမ်းဖက်မှုကဲ့သို့ တိုက်ရိုက်ထိခိုက်မှုမှသည် ဒုက္ခသည်အရေး၊ မူးယစ်ဆေးဝါးမှောင်ခိုမှု စသည့် သွယ်ဝိုက်ထိခိုက်မှုများအထိ ရှိလာနိုင်ပြီး ပထဝီနိုင်ငံရေးအရ အရေးကြီးသလို တင်းမာမှုများရှိနေသည့် အင်ဒို-ပစိဖိတ်ဒေသအတွက် ရေရှည်ပြဿနာ တစ်ခုအဖြစ် ပေါ်ထွန်းလာနိုင်ပေသည်။

ယခင်စစ်အုပ်ချုပ်ရေးကာလများအတွင်း မြန်မာ့အရေးသည် အိမ်နီးချင်းနိုင်ငံများမှ သီးခြား ကင်းကွာလျက် တသီးတသန့်ပုံစံ ဖြစ်ခဲ့သော်လည်း ယခုအခါ အင်အားကြီးနိုင်ငံများက မိမိတို့ ဩဇာလွှမ်းမိုးရန် ရည်မှန်းချက် ကြီးကြီးမားမားထား ရှိလာကြခြင်းမှာ စစ်ကောင်စီ၏ လုပ်ရပ်များက ဒေသနိုင်ငံရေးအပေါ် ပိုမိုထိခိုက်မှုရှိလာသည့် အဓိပ္ပာယ်ပင်ဖြစ်သည်။

ပထဝီအနေအထားအရ မြန်မာသည် တောင်အာရှနှင့် အရှေ့တောင်အာရှ ဒေသနှစ်ခုကို ခွထိုင်နေပြီး တရုတ်နှင့်အိန္ဒိယအပြင် ဂျပန်၊ စင်္ကာပူ၊ ထိုင်းနှင့် အခြားနိုင်ငံများက မြန်မာကို အရေးပါသော ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် ဦးတည်နိုင်ငံနှင့် ဝင်ပေါက်နိုင်ငံအဖြစ် ရှုမြင်ကြသည်။ တရုတ်၏ ပိုးလမ်းမသစ်စီမံကိန်းသည် အိန္ဒိယသမုဒ္ဒရာဖက်သို့ စွမ်းအင်နှင့် အခြေခံအဆောက်အအုံ လမ်းကြောင်းသစ်တစ်ခု တိုးချဲ့ဖွင့်လှစ်၍ မလက်ကာရေလက်ကြားအကြပ်အတည်းကို ကျော်လွှားရန်ရည်ရွယ်သလို နယူးဒေလီ၏ အရှေ့မျှော် မူဝါဒကလည်း အိန္ဒိယနှင့် ၎င်း၏ အရှေ့မြောက်ဒေသကို မြန်မာနိုင်ငံမှတစ်ဆင့် အာဆီယံနှင့် ချိတ်ဆက်နိုင်ရေး ရည်မှန်းထားသည်။

တစ်ဖက်ဖက်က အသာစီးရသွားမည်ကိုစိုးရိမ်၍ တရုတ်နှင့် အိန္ဒိယ ပြိုင်ဖက်နှစ်နိုင်ငံလုံးသည် စစ်အုပ်စုနှင့် နွေးထွေးသော ဆက်ဆံရေးကို တည်ဆောက်ထားကြ‌သော်လည်း ဆက်လက်ဖြစ်ပေါ်နေသော မြန်မာနိုင်ငံအတွင်း မတည်ငြိမ်မှုများ၊တိုက်ပွဲများက တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှု၊ တရုတ်၊ တောင်အာရှနှင့် အရှေ့တောင်အာရှဒေသအကြား လမ်းဆုံ အချက်အခြာအဖြစ် တည်ရှိမှုဟူသော နိုင်ငံ၏ ယခင်အလားအလာကောင်းများကို ပိတ်ဆို့ဟန့်တားလျက်ရှိသည်။

မြန်မာစစ်ကောင်စီလိုလားသော ပြည်သူ့စစ်များက အိန္ဒိယလူမျိုးနှစ်ဦးကို သတ်ဖြတ်ခဲ့သည်ဟု ယခုနှစ် ဇူလိုင်လအစောပိုင်းက ထွက်ပေါ်ခဲ့သော စွပ်စွဲမှုများကြောင့် အိန္ဒိယနယ်စပ် မိုရေးမြို့ဒေသခံများ ဒေါသူပုန်ထခဲ့ကြသည်။ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုဂယက်သည် ကာလတာရှည် မတည်မငြိမ်မှုများ ဖြစ်ပေါ်လျက်ရှိသော အိန္ဒိယနယ်စပ်မျက်နှာစာအထိ ရောက်ရှိလာခြင်းကြောင့် နှစ်နိုင်ငံနယ်စပ်အကြား လှုပ်ရှားနေသော အရှေ့မြောက်ဒေသသူပုန်များနှင့် နယူးဒေလီအကြား တငွေ့ငွေ့ဖြစ်ပွားနေသည့် ပဋိပက္ခအပေါ်လည်း သက်ရောက်မှုများရှိလာသည်။

အရှေ့ဖက်တွင် မြန်မာစစ်တပ် ဂျက်တိုက်လေယာဉ်တစ်စီးက စစ်ကောင်စီဆန့်ကျင်သူများကို ဗုံးကြဲရန် ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်း ထိုင်းလေပိုက်နက်ထဲ ဝင်ရောက်ခဲ့သည်။ အဆိုပါလေပိုင်နက် ကျူးကျော်မှုကြောင့် ထိုင်းဒေသအာဏာပိုင်များသည် ကျေးရွာများ၊ကျောင်းများတွင် ကယ်ဆယ်ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရပြီး စစ်တပ်ဗိုလ်ချုပ်ကြီးများနှင့် ရင်းနှီးသောဆက်ဆံရေးကြောင့် ထိုင်းအစိုးရက အဆိုပါ ဖြစ်စဉ်ကို အရေးမကြီးဟန် တုံ့ပြန်ခဲ့သော်လည်း မြန်မာနယ်စပ်အနီး နေထိုင်သောထိုင်းပြည်သူများအတွက် စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။ ထိုင်းနယ်မြေထဲသို့ မြန်မာတပ်ဖွဲ့များ၏ ကျူးကျော် ဝင်ရောက်မှုသည် ယခုနှစ်အတွင်း လေးငါးကြိမ်အထိ ဖြစ်ပွားခဲ့ကြောင်း ထိုင်းအစိုးရက ပြောဆိုသည်။

မြောက်ဖက်တွင်မူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ထောက်ခံရင်း အတိုက်အခံများနှင့် ဆက်ဆံရေး တည်ဆောက်ထားသလို စစ်ကောင်စီနှင့်လည်း ပူးပေါင်းဆောင်ရွက်ကာ ရှုပ်ထွေးသော သုံးဖက်ခွကစားပွဲတစ်ခုကို သမိုင်းကြောင်းတစ်လျှောက် ကစားနေသည့် တရုတ်နိုင်ငံမှာလည်း နယ်စပ်ဖြတ်ကျော် ပျံ့နှံ့လာသည့်ပြဿနာများနှင့် ရင်ဆိုင်နေရသည်။

ယမန်နှစ်အတွင်း စစ်တပ်က လမ်းကြောင်းချော်၍ ပစ်ခတ်လိုက်သည် အမြောက်ဆံများ တရုတ်နယ်နိမိတ်အတွင်း မကြာခဏ ကျရောက်ကာ ပုဂ္ဂလိကပိုင်ပစ္စည်းအချို့ ထိခိုက်ပျက်စီးခဲ့ရသည်။ ထိုဖြစ်ရပ်များကြောင့် နယ်စပ်ဒေသ၌ တိုက်ပွဲများရှောင်ရှားရန်နှင့် စစ်ကောင်စီဆန့်ကျင်ရေး အုပ်စုအချို့က ပစ်မှတ်ထားနေသော ဒေါ်လာ ဘီလီယံနှင့်ချီသည့် မဟာဗျူဟာ အခြေခံအဆောက်အအုံလမ်းကြောင်းများ၊ တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်စသည့် မြန်မာနိုင်ငံရှိ တရုတ်အကျိုးစီးပွားများကို ပိုမိုထိရောက်စွာ ကာကွယ်ပေးရန် ပေကျင်းက ပြင်းထန်စွာ သတိပေးခဲ့သည်ဟု သတင်းရရှိသည်။

အစွန်အဖျားဒေသတစ်လျှောက် တိုက်ခိုက်မှုများ၊ အထူးသဖြင့် သောင်းကျန်းသူများကို မြေလှန်စစ်ဆင်သည့် စစ်တပ်၏ ရက်စက်သော ဖြတ်လေးဖြတ်စစ်ဆင်ရေးများကြောင့် ဒုက္ခသည်ပြဿနာများ ကြီးထွားလာသည်။ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးရသူ ၇၇၀,၀၀၀ခန့်ရှိပြီး လူ ၄၁,၀၀၀ ကျော်သည် အဓိကအားဖြင့် ထိုင်းနှင့်အိန္ဒိယနိုင်ငံများသို့ ဒုက္ခသည်အဖြစ် ထွက်ပြေးခဲ့ရသည်ဟု ကမ္ဘာ့ကုလသမဂ္ဂက ခန့်မှန်း ထားသည်။

တရုတ်နိုင်ငံသည်လည်း ဒုက္ခသည်ဘေးအန္တရာယ် စက်ကွင်းမှ လွတ်မြောက်ခဲ့ခြင်းမရှိဘဲ မြန်မာအရှေ့မြောက် နယ်စပ်ဒေသတစ်လျှောက် ကြိုးကြား ကြိုးကြား ဖြစ်ပေါ်နေသောပဋိပက္ခများကြောင့် ဒုက္ခသည်အချို့သည် ယူနန်ပြည်နယ်အတွင်းသို့ မကြာခဏ ထွက်ပြေးခိုလှုံခဲ့ကြရသည်။ ထိုအခြေအနေကြောင့် မြန်မာနှင့်ထိစပ်နေသော နယ်စပ် တစ်လျှောက် ၆၀၀ ကီလိုမီတာရှည်သော သံဆူးကြိုးအကာအရံများကို တရုတ်အာဏာပိုင်များက တည်ဆောက်လျက်ရှိသည်။

အာဏာသိမ်းမှုနောက်ဆက်တွဲအဖြစ် ဒုက္ခသည်အရေးအပြင် မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ ရောင်းဝယ်ဖောက်ကားမှုများလည်း ကြီးထွားလာသည်။ မြန်မာသည် အစဉ်အလာအားဖြင့် အရှေ့တောင်အာရှ မူးယစ်ဆေးဝါးကုန်သွယ်မှု အချက်အခြာဒေသဖြစ်ပြီး ကမ္ဘာပေါ်တွင် မူးယစ်ဆေးပြားအများဆုံး ထုတ်လုပ်သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်ကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့အပါအဝင် အစိုးရမဟုတ်သော အဖွဲ့အများအပြားသည် ဒေသ၏ လုံခြုံရေးကင်းမဲ့မှု၊ တရားဝင်စီးပွားရေး ပြိုလဲမှုတို့ကို အခွင့်ကောင်းယူလျက် မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်း၊ မှောင်ခိုရောင်းဝယ်ခြင်းများကို တိုးမြှင့်ဆောင်ရွက်နေကြသည်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုခင်းဆိုင်ရာရုံး(UNODC)က ထုတ်ပြန်သော အချက်အလက်များအရ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ မက်သာဖက်တမင်းဆေးပြား ဖမ်းဆီးရရှိမှုသည် ၂၀၂၀ ပြည့်နှစ်နှင့် နှိုင်းယှဉ်ပါက ထိုင်းနိုင်ငံတွင် ၂၀% ၊ မလေးရှားနိုင်ငံတွင် ၄၀% နှင့် လာအိုနိုင်ငံတွင် ထိတ်လန့်စဖွယ် ၆၂၀% အထိ မြင့်တက်လာကြောင်း တွေ့ရသည်။ ၂၀၂၁ ခုနှစ်အတွင်း အရှေ့အာရှနှင့် အရှေ့တောင် အာရှဒေသတွင် မက်သာဖက်တမင်းဆေးပြား ၁ ဘီလီယံကျော် ဖမ်းဆီးရမိခဲ့ကြောင်း UNODCက ၂၀၂၂ ခုနှစ်၊မေလအတွင်းသတင်းထုတ်ပြန်ခဲ့သည်။

အစဉ်အလာမှ သွေဖီသော ဥပဒေမဲ့နိုင်ငံတစ်ခု ဖြစ်လာသည့် မြန်မာစစ်ကောင်စီ

မြန်မာစစ်အုပ်စုသည် ၎င်းကိုမလိုလားသည့် နိုင်ငံတကာ အသိုင်းအဝိုင်းအကြားတွင် အာဏာရှင်အိမ်နီးချင်းများ ဖြစ်သော တရုတ်နှင့်ထိုင်းကဲ့သို့ မိတ်ဆွေနိုင်ငံမျိုးရရှိအောင် ကြိုးပမ်းရှာဖွေလျက်ရှိသော်လည်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦး ဆောင်သည့် စစ်ကောင်စီသည် အဝေး၌တည်ရှိသော အစဉ်အလာသွေဖီရေး နိုင်ငံများနှင့် ဆက်ဆံရေး အထူးကောင်းမွန်နေပုံရသည်။

(ဆက်လက်ဖော်ပြပါမည်)
(Wilson Center ၏ အာရှရေးရာအစီအစဥ်တွင် ဖော်ပြထားသော Ye Myo Hein နှင့် Lucas Myers တို့၏ “Myanmar’s Military is a Regional Destabilizer” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article