ရန်ကုန်၊ စက်တင်ဘာ ၈
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် စက်တင်ဘာလ ၄ ရက်နေ့ ဆိုင်ကယ်စီးလာသော ရိုဟင်ဂျာ လူငယ် အသက် ၂၀ အရွယ် ဇမီရ်ဟူစိန်ကို ပစ်သတ်ရာတွင် အဓိက တာဝန်ရှိပြီး ခိုင်းစေခဲ့သူ ဒုရဲမှူး မျိုးဦးသည် ငွေကျပ် သိန်း ၅၀ လာဘ် ထိုး၍ တွံတေးမြို့နယ်ရဲမှူးအဖြစ် ရာထူးတိုးပြောင်းရွှေ့သွားကြောင်း ရဲသတင်းရင်းမြစ်များထံမှ သိရှိရသည်။
စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၇ နာရီအချိန် စစ်တွေမြို့၊ ဘုမေရပ်ကွက်၊ စစ်တွေတက္ကသိုလ်ရှိ ရဲတပ်ရင်း ၃၆ စစ်ဆေးရေးဂိတ်ကို ဖြတ်သွားသည့် အသက် ၂၀ အရွယ် ရိုဟင်ဂျာ ဇမီရ်ဟူစိန်ကို ရဲတပ်ဖွဲ့ဝင်တစ်ဦးက သေနတ်ဖြင့် ပစ်သတ် လိုက်ခြင်းဖြစ်ကြောင်း၊ စစ်ဆေးရေးဂိတ်တွင် စာရွက်စာတမ်းများ ပြသသော်လည်း ရဲက အကြောင်းပြချက်တစ်စုံတစ်ရာမရှိဘဲ လည်ပင်းကို သေနတ်ဖြင့် ထောက်ပြီး ပစ်သတ်လိုက်ဖြစ်ကြောင်း သိရှိရသည်။
အသက် ၂၀ အရွယ် ရိုဟင်ဂျာ ဇမီရ်ဟူစိန်သည် ရဲ၏ ပစ်ခတ်မှုကြောင့် နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားကြောင်း၊ သေဆုံးမှုအတွက် ရဲတပ်ဖွဲ့က တစ်စုံ တစ်ရာ အမှုဖွင့်ပေး အရေးယူခဲ့ခြင်း မရှိကြောင်း ၊ ရိုဟင်ဂျာ ဇမီရ်ဟူစိန်ကို ပစ်သတ်ရာတွင် အဓိက တာဝန်ရှိသူ ရဲတပ်ရင်း၃၆ မှ တပ်ရေး ရဲဗိုလ်ကြီး ဒုရဲမှူး မျိုးဦးသည် တွံတေးမြို့သို့ မြို့နယ်ရဲမှူးအဖြစ် ရာထူးတိုးပြောင်းရွှေ့သွားသည်ဟု သိရှိရသည်။
“ရခိုင်ပြည်နယ် စစ်တွေမြို့ ရဲတပ်ရင်း ၃၆ မှ တပ်ရေးဗိုလ်ကြီး ရဲ၅၆၃၁ ဒုရဲမှူး မျိုးဦးက ရဲမှူးရာထူးတိုးပြီး တွံတေး မြို့နယ်မှူးတာ ဝန်နဲ့ စက်တင်ဘာလ ၅ ရက်နေ့မှ ပြောင်းရွှေ့ပါတယ်။ သူပြောင်းဖို့လုပ်ထားတာကြာပြီ ထင်တယ်။ စက်တင်ဘာလ ၄ ရက်နေ့မှာ ရိုဟင်ဂျာလူငယ်ကို ပစ်သတ်လိုက်တာက သူ့တာဝန်ချိန်ပဲ။ ပစ်သတ်တာက သူ့တပည့်ရဲဘော် ။ ဆရာတူလို့ အရမ်းမိုက်ရိုင်းတာ” ဟု ရဲသတင်းရင်းမြစ်က ပြောသည်။
ရဲမှူးမျိုးဦးက တွံတေးတွင် PDF များအားလုံးကို တစ်လအတွင်း ဘ၀ပြောင်းပေးမည်ဟု ကြွေးကြော်သည့်အပြင် ၎င်း၏ ရာထူးတိုးရေးအတွက် သူ့ဆရာ ရဲမှူးချုပ်ကို ငွေကျပ် သိန်း ၅၀ ကန့်တော့ရသည်ကို လုပ်ဖော်ကိုင်ဖက်များကို အသိပေးသွားသည်ဟု သိရှိရသည်။
” သူ တွံတေးရောက်ပြီး တစ်လအတွင်း PDF တွေအားလုံး ဘ၀ပြောင်းပေးမယ်ဆိုပြီးပြောတယ်။ သူဒီရာထူးရတာက တောင်ကြီးမှာအတူနေခဲ့တဲ့ ရဲမှူးချုပ်က သူ့ကိုဒီနေရာ ပြောင်းပေးတယ်။ သိန်း ၅၀ ကန်တော့ရတယ်ပေါ့။ အဲဒီကန် တော့ ကြေး သိန်း ၅၀ အတွက် ရဲတပ်ရင်း ၃၆ မှာ တပ်ဖွဲ့ဝင်တွေအားလုံးအတွက် ရိက္ခာ ဆီ ဆန် လစာ များကိုအပြည့်ဝမပေးဘဲ သူဖြတ်ခုတ်ခဲ့တာ။ တပ်ရင်းမှာ မွေးထားတဲ့ နွားတွေကိုလည်း အကြီးနဲ့ အသေး လဲလှယ်ပြီး သူရောင်းစားတယ်။ သူက ရဲမှူးချုပ်ပိုင်တော့ ဒီကလူတွေ ဘာမှ မပြောရဲဘူး။ သူလုပ်တာခံလိုက်ရတာပဲ” ဟု ရဲသတင်းရင်းမြစ်က ဆိုသည်။
ဓာတ်ပုံ- ရခိုင်ပြည်နယ်မှ လုံထိန်းရဲတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်သည်)
Photo- Agency ။
