တန့်ဆည်တွင်လည်း မြန်မာ့စီးပွားရေးဘဏ်၌ တပ်စွဲထားသော စစ်သားများ ပစ်ခတ်တိုက်ခိုက်ခံရ
ရန်ကုန်၊ စက်တင်ဘာ ၈
စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းနှင့် PDF ဟန်ဆောင်ကာ ကင်းလှည့်နေသည့် အရာရှိနှင့် တပ်သားတို့ ပစ်ခတ် တိုက်ခိုက်ခံရပြီး အရာရှိ ၁ ဦးအပါအဝင် စစ်သား ၄ ဦးသေဆုံးကြောင်း ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။
မြောင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို စက်တင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် သနပ်ကုန်းကျေးရွာ အနီး ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုများမှ စနိုက်ဘာ၊ လက်နက်ငယ် ၊ ၄၀မမ များဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ၂ ဦး စနိုက်ပါ ထိမှန်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။
ကျောက်ရစ်ရဲစခန်းတွင် လေယာဥ်ဖြင့် အင်အားတိုးလာချသွားသည့် အကြမ်း ဖက် စစ်တပ်မှ အရာရှိ ဗိုလ် ၁ဦးနှင့် တပ်သား ၁ ဦးသည် စက်တင်ဘာလ ၇ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ရဲစခန်းမှ PDF ဟန်ဆောင်ကာ အရပ်ဝတ်ဖြင့် ကင်းလှည့်ချိန် ကာကွယ်ရေးတပ်ဖွဲ့ ဝင်များနှင့် တွေ့ဆုံပြီး ပစ်ခတ်ဖမ်းဆီးခဲ့ရာ အရာရှိ ဗိုလ် ၁ ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးပြီး တပ်သားမှာ ထွက်ပြေး လွတ်မြောက်သွားသော်လည်း ခွေးစခန်းသို့ ရောက်ချိန်တွင် ကျည်ထိမှန်သော ဒဏ်ရာမှာ သွေးထွက်လွန်ကာ ထပ်မံသေဆုံးသွားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် တပ်ရင်း အမှတ် ၄(MSPDF)၊ မြင်းခြံခရိုင်တပ်ရင်းအမှတ် ၁(27 Revolution Force,Burmese Guerrilla Force,11Brother Force(မြောင်)၊ မြင်းခြံခရိုင်တပ်ရင်းအမှတ်(၃)-တပ်ခွဲ ၁(မြေလတ်-PDF), တပ်ခွဲ ၂ (TTA-ပြောက်ကျားတပ်၊TaungTha PDF),တပ်ခွဲ ၃(Seven People Defense Force,Scorpions People Defense Force,MGN Black Tiger)၊ Natogyi Regional Defence Forceနှင့် မြောင် ကျေးရွာတပ်ပေါင်းစုတို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် တပ်စွဲထားသော စစ်သား ၁၅ ဦးခန့်ကို PDF တပ်ဖွဲ့များက စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၁ နာရီ ၄၅ မိနစ်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုများဟရှိကြောင်း တန့်ဆည် PDF တပ်ဖွဲ့ထံမှ သိရသည်။
မြန်မာ့ စီးပွားရေး ဘဏ်တွင် တပ်စွဲထားသော စစ်သား ၁၅ ဦးခန့်ကို တန့်ဆည် PDF၊ ရွှေဘိုခရိုင် တပ်ရင်း(၆)နှင့် တပ်ရင်း(၇) ရဲဘော်များမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ဘဏ်အတွင်း ကင်း ပုန်းချထားသော စစ်သားများ ထိခိုက် သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။
ဓာတ်ပုံ- PDF အယောင်ဆောင်ထားသော စစ်အရာရှိ သေဆုံးနေစဉ်။