ရန်ကုန်၊ စက်တင်ဘာ ၁၃
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ စစ်သားစုဆောင်းရေးတပ်နှင့် စစ်အင်ဂျင်နီယာတပ်တို့ကို ဗုံးခွဲတိုက်ခိုက်ကြောင်း ရန်ကုန်မြို့ပြပျောက်ကျားတပ်ဖွဲ့များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
ယနေ့ စက်တင်ဘာလ ၁၂ ရက်နေ့ ည ၇ နာရီ ၁၀ မိနစ် အချိန်တွင် ရွှေပြည်သာမြို့နယ် ဒညင်းကုန်းရထားသံလမ်း အကျော်ရှိ စစ်သားစုဆောင်းရေးတပ် နောက် ပေါက်ဂိတ်ကို အဝေးထိန်းဗုံးတစ်လုံးနှင့် စတင်ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားများထွက်လာချိန် ဒုတိယတစ်လုံးနှင့်ဖောက်ခွဲတိုက်ခိုက်သော်လည်း နည်းပညာချို့ယွင်းမှုကြောင့် မပေါက်ကွဲခဲ့ကြောင်း Yangon UG Association (YUA) ၏ အဖွဲ့ဝင် God’s Hand Forces (GHF) မှ ရဲဘော်တစ်ဦးက ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို Yangon UG Association ( YUA) ၏ ” ပြည်သူ့ကမ်းလက်များ စစ်ဆင်ရေး ” စစ်ရေးဖော်ဆောင်မှု၏ တစ်စိတ်တစ်ဒေသဖြစ်ပြီး တတိယမြောက်ဖော်ဆောင်မှုဖြစ်ကြောင်း သိရှိရသည်။
အလားတူ မင်္ဂလာဒုံမြို့နယ်၊ ရာသက်ပန်မှတ်တိုင်အနီး၊ ခရေပင်လမ်းပေါ်တွင် ယနေ့ ည ၉ နာရီခွဲ အချိန် ဗုံးပေါက်ကွဲသံ ကျယ်လောင်စွာကြားရကြောင်း ဒေသခံများက ပြောဆိုကြသည်။
“ဗုံးပေါက်တာပဲ။ ခွေးတွေ ထိပါစေ ဆုတောင်းတယ်။ တော်တော်ကိုကျယ်လောင်တဲ့ပေါက်ကွဲပဲ။ မင်္ဂလာဒုံနဲ့ ပုလဲမြို့သစ်ကတောင်တော်တော်ကျယ်ကျယ်ကြားရတာ။ မြေတောင်တုန်တယ် ကြားဖူးသမျှထဲအကျယ်ဆုံးပဲ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
မင်္ဂလာဒုံမြို့နယ်တွင် ယနေ့ည ၉ နာရီ ၃၀ မိနစ်ပေါက်ကွဲမှုသည် ပြည်လမ်းမပေါ် မင်္ဂလာဒုံစျေးအနီးရှိ စစ်အင်ဂျင် နီယာတပ်ကို အဝေးထိန်း မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ အဆိုပါဖောက်ခွဲတိုက်ခိုက်မှုကို Blood Debt For 21 (BD-21) နှင့် Yangon Special Guerrilla Force(YSGF) တို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
ဓာတ်ပုံ- မင်္ဂလာဒုံ ဒညင်းကုန်းရှိ အမှတ် ၁ စစ်သားစုဆောင်းရေးတပ်။ (ပုံအဟောင်းဖြစ်သည်)