ရန်ကုန်၊ စက်တင်ဘာ၁၃
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းတွင် ယနေ့ ညနေပိုင်း လူငယ်များ ကို စစ်တပ်က သေနတ်ပစ်ဖောက်၍ ဖမ်းဆီးသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
စက်တင်ဘာလ ၁၃ ရက်နေ့ ညနေ ၄ နာရီ တွင် အိမ်စီးကား ၃ စီး၊ တက္ကစီ ၂ စီးဖြင့် အရပ်ဝတ် ရဲနှင့်စစ်သားများက လူငယ်များကို ရိုက်နှက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
“ပန်းပင်ကြီးလမ်းမှာ အိမ်စီးကား ၃စီး၊ taxi ၂ စီး အရပ်ဝတ်စစ်သားတွေက Taxi ပေါ်မှာရှိတဲ့ လူငယ်၄ဦးကိုဖမ်းသွားတယ်။ သေနတ်တစ်ချက်ဖောက်တယ်။ နောက်တော့ ရဲကား၂စီး စစ်ကား၂စီးရောက်လာတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
အခြားဒေသသတင်းရင်းမြစ်တစ်ခုကမူ ဖမ်းဆီးခံရသူ လူငယ်များသည် စစ်အာဏာရှင် သပိတ် စတင်ရန် ပြင်ဆင်နေစဉ် အဖမ်းခံရခြင်းဖြစ်သည်ဟု ပြောဆိုသည်။
“ဒီနေ့ ညနေ၄နာရီကျော် ကြည့်မြင်တိုင်ပန်းပင်ကြီးလမ်းမှာ စစ်တပ်ဆန့်ကျင်ရေး ပွဲစခါနီးလေးမှာ ဖြိုခွင်းခံခဲ့ရပါတယ်” ဟု အခြားဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ရန်ကုန်ခေတ်သစ်ထံသို့ ဒေသခံများ၏ ပြောဆိုချက်အရ ဖမ်းဆီးခံရသော လူငယ်အရေအတွက်သည် ၁၀ ဦးအထက်ရှိနိုင်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ရန်ကုန်တွင် ကင်းလှည့်နေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။
Photo- Agency။
