ရန်ကုန်၊ စက်တင်ဘာ ၁၅
အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ်များ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်များအားလုံးကို အင်အားပြည့် အသုံးချ နိုင်ရေး ပြင်ဆင်ထားကြရန် လေတပ်အတွင်း ညွှန်ကြားထားကြောင်း လေတပ်သတင်းရင်းမြစ်ထံမှ သိရှိရသည်။
စက်တင်ဘာလ ဒုတိယအပတ်အတွင်း တိုက်လေယာဉ်များ အုပ်စုဖွဲ့ ပျံသန်း လေ့ကျင့်ခြင်း၊ ရဟတ်ယာဉ်များဖြင့် အုပ်စု ဖွဲ့ လေ့ကျင့် ပျံသန်းခြင်း နေ့ရော၊ ညပါ လေ့ကျင့်လျက်ရှိကြောင်း၊ ညအချိန်မတော်အချိန်တွင်ပင် ရန်ကုန်နှင့် နေပြည်တော်တို့တွင် လေယာဉ် အတက်အဆင်း၊ ရဟတ်ယာဉ် အတက်အဆင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
“ညဘက်တွေပါ တိုက်လေယာဉ်သံတွေ ရဟတ်ယာဉ်သံတွေ ဆူညံနေတာပဲ။ နေ့ရောညပါ တိုက်လေယာဉ်တွေ ခဏခဏ တက်တယ်။ လေတပ်ထဲက မိတ် ဆွေကို မေးကြည့်တော့ လေ့ကျင့်ရေးလုပ်တာလို့ ပြောတယ်” ဟု မြောက်ဥက္ကလာပဒေသခံတစ်ဦးက ပြောသည်။
မန္တလေးဒေသခံတစ်ဦးကလည်း စက်တင်ဘာလ ၁၄ ရက်နေ့တွင် တိုက် လေ ယာဉ် အပြာများ ၆ စီးခန့် အတက်အဆင်း လေ့ကျင့်ပျံသန်းမှုများကို မြင်တွေ့ရသည်ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“မန္တလေး အထွက် အဝေးပြေးလမ်းမပေါ်ကနေ တောင်ဘက်ကို ဂျက်လေယာဉ် အပြာတွေ ဖြတ်နေတာ ၃/၄စီး ရှိပြီ။ ကျနော်ရေတွက်ထားတာ ၆ စီး စုစုပေါင်း ၆ စီးရှိနေပြီ” ဟု မန္တလေးဒေသခံတစ်ဦးက ပြောဆိုသည်။
ထို့ပြင်လေတပ်အတွင်းတွင် ထုတ်ပြန်ထားသော အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာရန်လည်း တင်းကျပ်မှုများရှိ ကြောင်း၊ အထူးသဖြင့် ဆိုရှယ်မီဒီယာအသုံးပြုနှင့် လေတပ်၏ လျှို့ဝှက်များကို မပေါက်ကြားရန် ၂၀၂၁ ခုနှစ်ကတည်း က ထုတ်ပြန်ထားမှုများကို လိုက်နာရန်၊ တပ်ပြင်ပတွင် မိသားစုနေထိုင်ခွင့်နှင့် ပြင်ပ ထွက်ခွင့်များကိုလည်း တင်းကျပ်လျက်ရှိကြောင်း သိရှိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်သည် သေဆုံးမှု အလွန်များပြားနေသဖြင့် တစ်လုံးတစ်ခဲတည်း အုပ်စုဖွဲ့ ချီတက်မှုများ အစား အရပ်ဝတ်များဖြင့် အုပ်စုခွဲ ချီတက်ခြင်း၊ ရှေ့တွင် စစ်ကြောင်းကို အယောင်ပြ၍ အရပ်ဝတ်များ၊ PDF ပုံစံမျိုး ဝတ်ဆင်၍ နောက်ကြောင်းမှ အလစ်ဝင်ရောက်တိုက်ခိုက်ခြင်း၊ ယခင်ကဲ့သို့ ရွာစဉ်လှည့်လည် စခန်းချခြင်းများအစား စခန်းတစ်ခုကို အခိုင်အမာတပ်စွဲ၍ အနီးအနားပတ်ဝန်းကျင်ကို တိုက်ခိုက်ရှင်းလင်းပြီး စခန်းကို ပြန်လည် ဝင်ရောက် ခြင်း စသည့် ပျောက်ကြားနှင့် ပြည်သူ့စစ် နည်းဗျူဟာကို အသုံးပြုရန် ညွှန်ကြားထားကြောင်း တပ်သတင်းရင်းမြစ် တချို့ထံမှ သိရှိရသည်။