33 C
Yangon

PNLA တပ်ဖွဲ့ဝင်ငါးဦးကို စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်၊ PNLA က ပြင်းထန်စွာရှုတ်ချပြီး တာဝန်ခံမှုရှိရှိဖြင့် တရားမျှတစွာ ဖြေရှင်းရန် ပအိုဝ်း PDF တောင်းဆို

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၅

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLA ၏ ဒုတပ်စုမှူးအပါအဝင် ၅ ဦးကို စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ PNO/PNA က စက်တင်ဘာလ ၁၄ ရက်နေ့တွင် အကြောင်းမဲ့ ဖမ်းဆီးကာ သတ်ဖြတ်မှုအပေါ် ပြင်းထန်စွာရှုတ်ချကြောင်း PNLO/PNLA က သတင်းထုတ်ပြန်သည်။

PNLA တပ်ဖွဲ့ဝင် ဒုတပ်စုမှူး ခွန်ထွန်းဦး၊ ဒုတပ်စိပ်မှူး ခွန်ရှိန်၊ တပ်သား ခွန်သန်းဖေ၊ တပ်သား ခွန်ကြပ်စင်၊ တပ်သား ခွန်ရဲနောင်တို့ ငါးဦးကို စက်တင် ဘာလ ၁၄ ရက် ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် PNA ပြည်သူ့စစ်အဖွဲ့က ပင်လောင်းမြို့နယ်၊ ဝါးပြုံးကျေးရွာတွင် အကြောင်းမဲ့ ဖမ်းဆီးကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကိစ္စကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပြီး ငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းမည်ဟု PNLO/PNLA က စာထုတ်ပြန်ထားသလို ပြည်သူ့စစ်တပ်ဖွဲ့အနေ ဖြင့် တာဝန်ခံမှု ရှိရှိဖြင့် တရားမျှတစွာ ဖြေရှင်းရမည်ဟု ပအိုဝ်း ကာ ကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် PNDF ကလည်း သတိပေးစာထုတ်ပြန်ထားသည်။

ယခုပြဿနာသည် ကြီးထွားလာနိုင်ဖွယ်မရှိဟု ခန့်မှန်းကြောင်း ပအိုဝ်းအရေး တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးက သုံးသပ်သည်။

“လူမှားပြီးဖမ်းတာထင်ပါတယ်၊ PDF အမှတ်နဲ့ သတ်လိုက်တယ်ထင်တယ်ဗျ၊ တိတိကျကျတော့ မသိရသးပါဘူး။ ဘယ်လိုညှိနှိုင်းကြမလဲမသိဘူး စောင့်ကြည့်ရမယ်ဗျ။ ဒီထက်ပိုပြီးတော့ ပြသာနာမကြီးလာနိုင်ဘူးလို့ ခန့်မှန်းမိတယ်ဗျ။ နောက်တစ်ချက်က နှစ်ဘက်လုံးက ပအိုဝ်းအဖွဲ့အစည်းတွေဖြစ်တယ်၊ PNLA အနေနဲ့ စကစရဲ့ ‘အိမ်ကြက်အချင်းချင်းခွပ်ခိုင်းစေချင်တဲ့’ အကွက်ကို ရှောင်ရင်းနဲ့ ငြိမ်နေ‌တယ်လို့မြင်မိတယ်ဗျ” ဟု ပအိုဝ်းအရေး တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

၁၉၆၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော ပအိုဝ်းလွတ်မြောက်ရေးအဖွဲ့ (ပအလဖ) မှ ပအိုဝ်း(ဖြူ)နှင့် ပအိုဝ်း(နီ) ဟု နှစ်ဖွဲ့ကွဲကာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဖြစ်သည့် PNO ကို ပအိုဝ်း (ဖြူ)အဖွဲ့၊ PNLO ကို ပအိုဝ်း (နီ) အဖွဲ့ဟု လူသိများကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article