ရန်ကုန်၊ စက်တင်ဘာ ၂၃
မကွေးတိုင်း ပခုက္ကူမြို့နယ်ရှိ မြစ်ဖျားရွာကို ယနေ့နံနက်ပိုင်းတွင် စစ်တပ်က အကြောင်းမဲ့ ဝင်ရောက် စီးနင်း မီးရှို့ ဖျက်ဆီးသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
စက်တင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိသော ပခုက္ကူ မြို့နယ် မြစ်ဖျား ရွာကို စစ်တပ်က အကြောင်းမဲ့ ဝင်ရောက် ဖျက်ဆီး မီးရှို့ခြင်းဖြစ်ကြောင်း၊ ယခုအကြိမ် မီးရှို့မှုသည် ဒုတိယအကြိမ်ဖြစ်ပြီး မကြာသေး ခင်ကလည်း ပထမအကြိမ်အဖြစ် မီးရှို့ခံခဲ့ရကြောင်း သိရှိရသည်။
“ဒီမနက် စစ်တပ်က မီးရိူ့ သွားပါတယ်။ မြစ်ဖျား ရွာ က အိမ်ခြေ ၃၀၀ ဝန်းကျင် ရှိပါတယ်။ ဒီနေ့ အရိူ့ခံရတာ ဒုတိယအကြိမ်ပါ။ ပထမ တစ်ခါ အရှို့ခံရတုန်းက အိမ်ခြေ၁၀၀ မီးလောင်သွားခဲ့ပါတယ်။ အခု ကျန်တဲ့ အိမ်ခြေ ၂၀၀ ကို .နှစ်နေရာ ခွဲ ရှို့သွားပါတယ်။ တစ်ရွာ လုံး ကုန်ဖို့များပါတယ်။ မနေ့က ဂဝံလေးတိုင်ရွာ ကို မီးရှို့ သွားတဲ့ စစ်ကြောင်းပဲ။ စစ်ကြောင်းထွက်ပြီး ရွာတွေကို ပတ်ပြီး မီးရှို့နေတာ။ ပြည်သူတွေ လည်း အဖမ်းခံရတယ်” ဟု ဒေသခံတစ်ဦးက ပြော ဆိုသည်။
မကွေးတိုင်းပခုက္ကူ မြို့နယ် နှင့် ဆိပ်ဖြူ မြို့နယ် အစပ် ယောချောင်း တစ် လျှောက် ကျေးရွာများကို စစ်တပ်က စစ် ကြောင်းထိုး မီးရှို့ သတ်ဖြတ် ဖမ်းဆီးနေခြင်းဖြစ်ပြီး ပြည်သူသောင်းချီ ထွက်ပြေးနေရကြောင်း သိရှိရသည်။
အလားတူ ယနေ့ နံနက်ပိုင်း စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့နယ်ရှိ ပေကုန်းရွာ၊ သစ္စေကုန်းရွာ၊ နဘက်ကြီးကျေးရွာတို့ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စစ်ကြောင်း ၂ ကြောင်းခွဲ၍ ကျေးရွာများကို မီးလိုက်လံ ရှို့နေခြင်းဖြစ်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
ဓာတ်ပုံ- ယနေ့ နံနက်အစောပိုင်း ပခုက္ကူမြို့နယ်၊ မြစ်ဖျားကျေးရွာကို စစ်တပ်က မီးရှို့နေစဉ်။