ရန်ကုန်၊ စက်တင်ဘာ ၂၄
တနင်္သာရီတိုင်းထားဝယ်ခရိုင်မှာ အခုလအတွင်း စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း တပ်ကိုစွန့်ပြေးခဲ့တယ်လို့ တပ်နဲ့နီးစပ်သူတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေသိရပါတယ်။
စက်တင်ဘာလ ၁၄ ရက်က ရေဖြူမြို့နယ်၊ ကံပေါက်ဒေသအခြေစိုက် မောရဝတီရေတပ်စခန်းဌာနချုပ်ကနေ ၁၂ ဦး လက်နက်အပြည့်အစုံနဲ့ ထွက်ပြေးခဲ့တယ်လို့ သိရပါတယ်။
“ထွက်ပြေးတာကသေချာပါတယ်။ အကောင်ကြီးတစ်ယောက်လည်းပါတယ်လို့သိရတယ်” လို့ မောရဝတီရေတပ်နဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
ထွက်ပြေးသူတွေထဲမှာ ဆေးမှူးဗိုလ်ကြီးတစ်ဦးပါဝင်တယ်လို့လည်းသတင်းတွေထွက်ပေါ်နေပါတယ်။
ထွက်ပြေးသွားတဲ့ ၁၂ ဦးထဲက ၂ ဦးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပြန်လည်ဖမ်းဆီးခြင်းခံခဲ့ရပြီး အသတ်ခံခဲ့ရတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတစ်ဦးက ပြောဆိုပေမယ့် သီးခြားအတည်ပြုနိုင်တာတော့မရှိသေးပါဘူး။
အဲဒီရေတပ်စခန်းမှာ တစ်နှစ်ကျော်အထိ အပြင်ထွက်ခွင့် ပိတ်ခံထားရတဲ့စစ်သားတွေလည်းရှိနေပြီး အရေးကြီးညွှန်ကြားချက်ရတဲ့သူတစ်ချို့ နဲ့ စျေးဝယ်တဲ့သူ ငါး ယောက်ခန့်သာအပြင်ထွက်ခွင့်ရှိတယ်လို့ စစ်တပ်နဲ့ နီးစပ်သူ အဝန်းအဝိုင်းကပြောပါတယ်။
စစ်ကောင်စီတပ်သားတွေထွက်ပြေးပြီးနောက် ကံပေါက်ကနေအိမ်တွေနဲ့ လမ်းဆုံလမ်းခွတွေမှာ ရှာဖွေ စစ်ဆေးတာတွေတင်းတင်းကြပ်ကြပ်လုပ်ခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်။
မောရဝတီရေတပ်စခန်းက စစ်သားတွေအပြင် ထားဝယ်မြို့နယ် ကျောက်မဲတောင်ရဲစခန်းမှာ တာဝန်ကျနေတဲ့စစ်သား သုံးဦးထက်မနည်း ပြီးခဲ့တဲ့ရက်ပိုင်းထဲမှာပဲ ထွက်ပြေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေသိရပါတယ်။
ပြီးခဲ့တဲ့နှစ်လလောက်ကလည်း ထားဝယ်အရှေ့တောနယ်ကို စစ်ကြောင်းထိုးချိန်မှာ ကံပေါက်အခြေစိုက် ခလရ ၂၇၃ က စစ်သားနှစ်ဦးလက်နက်အပြည့်အစုံနဲ့ထွက်ပြေးခဲ့ဖူးတယ်လို့သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မောရဝတီရေတပ်စခန်းဌာနချုပ်ကစစ်သား ဆယ်နဲ့ချီထွက်ပြေးခဲ့ဖူးပါတယ်။
ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်မှ စစ်သားအိုကြီးတစ်ဦး။ (ပုံအဟောင်းဖြစ်သည်)
(The Tanintharyi သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်)