32 C
Yangon

ရေဖြူ၊ခင်ဦး ၊ ချောင်းဦး၊ မြိုင်၊ တန့်ဆည်နှင့်တမူး တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၄၃ ဦးသေဆုံး

Must read

By ရန်ကုန်ခေတ်သစ်

ရေဖြူ၊ခင်ဦး ၊ ချောင်းဦး၊ မြိုင်၊ တန့်ဆည်နှင့်တမူး တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၄၃ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်များက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောဆိုကြသည်။

ရေဖြူမြို့နယ်တွင် စစ်ယာဥ်တန်းမိုင်းဆွဲခံရပြီး စစ်သား ၅ ဦးထက်မနည်းသေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်၊သက်ကယ်ကွက်ရွာအနီးတွင် စစ်ကား ၅ စီးကို ယနေ့နံနက်ပိုင်း၊ မိုင်းခွဲတိုက်ခိုက်ပြီး စစ်သား ၅ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း၊ စက်တင်ဘာ ၂၄ ရက်နေ့ နံနက် ၆ နာရီခန့် ထားဝယ်မှကလိန်အောင်ဘက်သို့ ဦးတည်တက်လာခဲ့သော စစ်ကား ၅ စီး မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

ခင်ဦးတွင် စစ်ကောင်စီတပ်ဘက်မှ ၁၉ ဦးသေဆုံး

စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့် ရေဦးမြို့အခြေချ ခွေးများ နှင့် ရွာသစ်ကုန်းရွာပျူစောထီးများမှ ခင်ဦးနယ်အနောက်ခြမ်း အင်းပတ်ကျေးရွာ သို့ လက်နက်ကြီးငယ်ပစ်ပြီး ဝင်ရောက်လာမှုကြောင့် ပြည်သူများပိတ်မိနေသည်ဟု သိရသဖြင့် Khin U Support Organization-KSO နှင့် မြို့နယ်ပကဖအဖွဲ့တို့ပူးပေါင်းပြီး ပြည်သူတွေဘေးကင်းရာ ထွက်နိုင်ရန် ၎င်းတို့လာရာ လမ်းပိုင်းအနီး တိုက်မိုင်းများ အချိန်မီ ပြင်ဆင်နိုင်ခဲ့ပြီး ဖောက်ခွဲခဲ့ကြောင်း၊ မိုင်းခွဲမှုကြောင့် စစ်သား ၈ ဦးသေဆုံးသွားကြောင်း သိရှိရသည်။

တစ်ဖန် ယနေ့ နံနက်၁၀ နာရီ ၃၉ မိနစ်အချိန် အင်းပတ်ကျေးရွာအတွင်း ဝင်ရောက်၍ နေအိမ်များကို မီးတင်ရှို့လာသဖြင့် ကြောင့် မြို့နယ်ပကဖ၊မြို့နယ်တပ်ရင်း နှင့် KSOအပါအဝင် မဟာမိတ်LDF၁၀ဖွဲ့ ပူးပေါင်း၍ အပြန်အလှန်ပစ်ခတ်ကြရာ ၄၂မိနစ်ခန့် ပစ်ခတ်ခဲ့ကြောင်း၊ ဒရုန်း ၅ စီးဖြင့်လည်း ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်း နှင့် အနီးရှိ ရွာသစ်ကုန်းရှိ စစ်တပ်တပ်စခန်းသို့ လည်း ဒရုန်းဖြင့် ဗုံးကျဲခြင်း၊ Mytel အမြောက်များဖြင့် ပစ်ခတ်ခဲ့မှုကြောင့် စစ်သား ၁၁ ဦး ထပ်မံ သေဆုံးကြောင်း သိရှိရသည်။

ချောင်းဦးတွင် စစ်ကားများ မိုင်းဆွဲခံရ

စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၄ နာရီအချိန် Brave Heart Army – BHA က မုံရွာမှ ချောင်းဦးဘက်သို့ ကားရှေ့မီးကြီးများပိတ်ကာ တိတ်တဆိတ်ထွက်လာသည့် အင်အား၄၀ခန့်ပါ စစ်ကား ၂ စီးကို ပဒေသာမိုင်း ၃ လုံးဖြင့် ပွိုင့်နေရာ အရောက်တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ကား ၂ စီးလုံး ကိုယ်ထည်ပျက်စီးသွားပြီး စစ်သား ထိခိုက်သေဆုံးမှုကို စုံစမ်းဆဲဖြစ်ကြောင်း သိရှိရသည်။

မြိုင်တွင် စစ်တပ်နှင့် PDF တပ်များ တိုက်ပွဲဖြစ်

စက်တင်ဘာလ ၂၃ ရက်နေ့ မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ကန်နီ(ပျူရွာ) မှ အနောက်ဘက်သို့ စစ်ခွေးနှင့် ပျူစောထီး စုစုပေါင်း အင်အား ၈၀ခန့် စစ်ကြောင်းထိုးထွက်လာရာ ပခုက္ကူခရိုင် အမှတ် ( ၆ ) တပ်ရင်း ( MVRF )နှင့်
ဒေသခံကာကွယ်ရေးတပ်များမှ ကြားဖြတ်တိုက်ခိုက် ပစ်ခတ်ခဲ့ကြောင်း၊ ၁၀ မိနစ်ကျော်ခန့် ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

တန့်ဆည်တွင် စစ်သား ၄ ဦးသေဆုံး

တန့်ဆည်မြို့နယ် ငှက်ပျောတောရွာ အနောက်ဘက်ရှိ မူးဘောင်တံတားထိပ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို တန့်ဆည်PDFတပ်ပေါင်းစုက စက်တင်ဘာလ၂၄ရက် နေ့လယ်၂နာရီခန့်တွင် ရှေ့ထွက်မိုင်းများဆွဲရာ ၄ဦး သေဆုံးပြီး၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။

အင်းနားရွာနှင့် ငှက်ပျောတောရွာကို မီးရှို့ပြီး ရှေ့ဆက်ချီတက်လာသော စစ်ကောင်စီတပ်နှင့် ပျူစောထီး ရှေ့ပြေးအဖွဲ့ကို တန့်ဆည်PDF ရွှေဘိုခရိုင် တပ်ရင်း(၆)၊ တပ်ရင်း(၇)၊ တပ်ရင်း(၁၀)၊ တပ်ရင်း(၂၅) TPC၊ KPK၊ PLAနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ရာမှ နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်ထံမှ သိရသည်။

” ငှက်ပျောတော မူးတံတားထိပ်မှာ ရှေ့ထွက်မိုင်းထိတာ ၄ဦးသေတယ်၊ အဲ့နောက်မှာ ကျနော်တို့အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တာ နာရီဝက်လောက်ကြာတယ်၊ အသေအပျောက်များနိုင်တယ်။ ဒီဘက်ကိုမလာခင် ငှက်ပျောတောရွာကို စဝင်တုန်းကလည်း ဒီကောင်တွေ မိုင်း၃ပွိုင့်မိတာ အသေများတယ်ကြားတယ်။ အတိအကျတော့ အတည်မပြုနိုင်သေးဘူး။ ကိုယ့်ဘက်ကတော့ အထိအခိုက်မရှိပါဘူး”ဟု ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနကို ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သည် ငှက်ပျောတောရွာသို့ ဝင်ရောက်လာစဉ် ယနေ့နေ့လယ်၁နာရီတွင် တန့်ဆည်မြောက်ပိုင်းပကဖအဖွဲ့ ထောင်ထားသော မိုင်းပွိုင့်၃ခု မိပြီးနောက် နေ့လယ် ၃နာရီခန့်တွင် မိုင်းပွိုင့်၂ခု၊ ‌ညနေ ၄နာရီခန့်တွင် မိုင်းပွိုင့်တစ်ခု ထပ်မိသဖြင့် ထိခိုက်သေဆုံးမှုများနိုင်ကြောင်း တန့်ဆည်မြောက်ပိုင်းပကဖအဖွဲ့ထံမှ သိရသည်။

ထို့နောက် သစ်တော်ပေါက်(မ)ရွာကို ဝင်ရောက်မီးရှို့နေသော စစ်ကောင်စီတပ်ကို ယနေ့ညနေ ၅နာရီကျော်တွင် PLAအဖွဲ့က ၁၀မိနစ်ခန့် ပြောက်ကျားဝင်ရောက်ပစ်ခတ်ရာ စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုရှိခဲ့ပြီး အသေးစိတ်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

မိုးဗြဲတွင်လည်း တိုက်ပွဲပြင်းထန်

စက်တင်ဘာလ ၂၄ ရက်နေ့ မိုးဗြဲမြို့၊ လွယ်ယင်းမင်္ဂလာကျေးရွာ ကာလဝါရီတောင်ပေါ်တွင် ထိုးစစ်ဆင်တပ်စွဲထားသောစခများနှင့် မဟာမိတ် တပ်ပေါင်းစုများ ဖြစ်ကြသော နေပြည်တော် PDF (BO-804) နေပြည်တော်PDF (BO 805) MBPDF 1001၊ MBPDF 1007၊ ဖယ်ခုံ PDF B-01၊ လွိုင်ကော် PDF၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့၊ DMO 1102 တပ်ရင်း၊ ၊ KNDF၊ KGZ၊ URF များနှင့် တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့ကြောင်း၊ နံနက် ၁၁ နာရီ ၃၀ မိနစ်မှ စတင်ထိတွေမှုဖြစ်ခဲ့ပြီး ညနေ ၅ နာရီ ၃၀ မိနစ်အချိန် အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ မဟာမိတ်တပ်ပေါင်းစုအဖွဲ့မှာလည်း အသေစားဒဏ်ရာ (၅)ဦး၊ ရရှိခဲ့ပြီး စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှု မသိရှိရသေးကြောင်း သိရှိရသည်။

တမူးတွင် စစ်သား ၁၅ ဦး ထက်မနည်း ထိခိုက်သေဆုံး

စစ်ကိုင်းတိုင်း တမူးမြို့နယ်ထဲ ရွာစဉ်ပတ်မွှေ လုယက်သောင်းကျန်းနေတဲ့ စစ်အုပ်စုကို စက်တင်ဘာလ ၂၄ ရက်နေ့ နေ့လယ်ပိုင်းတွင် ABSDF ကျောင်းသားတပ်မတော်၊ ကူကီး အမျိုးသားတပ်မတော် – KNA (Burma) နှင့် PDF – CEU တပ်ဖွဲ့တွေ ပူးပေါင်းပြီး ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးပြီး ကစဉ့်ကလျှား ဆုတ်ခွာ ထွက်ပြေး သွားကြောင်း PDF – CEU တပ်ဖွဲ့က သတင်း ထုတ်ပြန်သည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article