ရန်ကုန်၊ စက်တင်ဘာ၊ ၂၅ ရက်
ရခိုင်ပြည်ရှိ မြို့နယ်အသီးသီးသို့ ပြေးဆွဲနေကြသည့် ကုန်လမ်းနှင့် ရေလမ်းခရီးသွားလာမှုကို မှတ်ပုံတင်ပါမှသာ သွားလာခွင့်ရပြီး ခရီးသွားလာမှုများတွင် စစ်ကောင်စီက အချိန်ကြာမြင့်စွာစစ်ဆေးမှုကြောင့် သွားလာခွင့်ရဖို့ ရက်အချိန်ကြာ စောင့်ဆိုင်းနေကြရသည်။
ပြည်ပဖက်သို့သွားလာခြင်းမဟုတ်ဘဲ မိမိတို့၏ ပြည်တွင်းရှိ မြို့နယ်အချင်းချင်းသွားရခြင်းကိုပင် မှတ်ပုံတင်ပြကာစစ်ဆေးမှုခံယူနေရသည့်အတွက် ယင်းသို့စစ်ကောင်စီ၏ စစ်ဆေးခံရမှုအပေါ်ရခိုင်ဒေသခံများပြင်းပြင်းထန်ထန် ဝေဖန်မှုရှိလာသည်။
ယင်းပြင် မှတ်ပုံတင်ပြရုံသာမက တစ်ခါတစ်ရံ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များတွင် ပြည်သူများ၏ ဖုန်းနှင့် တင်ဆောင်လာသော အထုပ်များကိုပါဖွင့်ဖောက် စစ်ဆေးမှုတို့ရှိနေသည့်အတွက် ပစ္စည်းများ ဆုံးရှုံးမှုများရှိနေကြောင်း ခရီးသည်များက ပြောသည်။
ယခင်က မိမိတို့ပြည်တွင်းမှ ပြည်မဖက်သို့သွားလျှင်သာ မှတ်ပုံတင်ကိုင်ဆောင်ရပြီး ယခုအခါ ပြည်တွင်းသွားလာမှုကိုပင် မှတ်ပုံတင်ကိုင်ဆောင်နေရသည်မှာ စိတ်အနှောင့်အယှက်ဖြစ်စရာဟု ရခိုင်ဒေသခံတစ်ဦးကပြောသည်။
“အရင်က ပြည်မဖက်တွေကိုသွားမှမှတ်ပုံတင်ပြရတာ။ ရခိုင်ရိုးမတောင်တန်းကို မကျော်ခင်မှ မှတ်ပုံတင်ပြရတာပေါ့။ ခုဟာက ကိုယ့်ပြည်အတွင်းက မြို့နယ် ချင်းချင်းကိုသွားတာတောင် မှတ်ပုံတင်စစ်ဆေးခံနေရတယ်။ ဒါဟာ လုံးဝမဖြစ်သင့်ဘူးလို့မြင်ပါတယ်။ တစ်ခါတစ်လေ မှတ်ပုံတင်သာမက ဖုန်းတွေ ပါလာတဲ့အထုပ်တွေပါ ဖွင့်ဖောက်ပြီးစစ်ဆေးတယ်။ ပစ္စည်းတွေက ဆုံးရှုံးတားလည်းရှိတယ်”ဟုပြောသည်။
စစ်ကောင်စီဖက်က စစ်တွေ- အမ်း ကားလမ်းမကြီးတစ်လျှောက်စစ်ဆေးရေးဂိတ်များတိုးချဲ့ချထားကာ ခရီးသွားများကို စစ်ဆေးပြီး ရေလမ်းကြောင်းခရီးများတွင်လည်း ဌာနဆိုင်ရာ ပေါင်းစုံက စစ်ဆေးမှုတို့ရှိနေပြန်သည်။ ယင်းအပြင် စစ်ကောင်စီက၏ စစ်ဆေးဂိတ်များတွင် အချိန် ကြာမြင့်စွာ စစ်ဆေးမှုပြုလုပ်နေပြီး စစ်ဆေးပြီးဖြစ်သော်လည်း ခရီးသည်ကားများ၊ ကုန်ကားများ၊ အိမ်စီးကားများထွက်ခွာခွင့် မပေးဘဲ အချိန်ကြာမြင့်စွာ သွားလာခွင့် ပိတ်ပင်ထားကြောင့် ကုန်တင်ကားများ ကားမောင်းနှင့်သူများက Western News ကိုပြောသည်။
“ဘာမှမဟုတ်ဘူးဗျ။ စစ်ကောင်စီက ပြည်သူတွေကို ဒုက္ခပေးတာဗျ။ ဘာမှလည်းစစ်နေတာမဟုတ်ဘူး။ ဘာမှမစစ်ဘူး။ သူတို့ စစ်တဲ့အချိန် ထစစ်တယ်။ စစ်လို့ ပြီးရင်လည်း ကားထွက်ခွင့်မပေးဘူး။ အခု ကျနော်တို့ ကျောက်တော် ဝါးတောင်ဂိတ်မှာ ပိတ်မိနေတာ ၁ ရက်ပြည့်တော့မယ်။ ကားတွေတန်းစီနေတယ်။ အများကြီးပဲ။ တော်တော်ကို ညစ်ပတ်တာဗျ”ဟုပြောသည်။
ယင်းအပြင် အချို့ ခရီးသည်တင်ကားများ၊ ကုန်တင်ကားများသည် အဆိုပါဂိတ်တွင် စစ်ဆေးမှုကြောင့် ၂ ရက်ကနေ ၃ ရက်အထိ ကြာမြင့်စွာ စောင့်ဆိုင်းနေရသည့် ကားများလည်းရှိကြောင်း ကုန်တင်ယာဉ် မောင်းနှင်သူများက ဖြည့်စွပ်ပြောဆိုသည်။
ကိုယ့်ပြည်တွင်းကိုပင် လွတ်လပ်စွာသွားလာခွင့်မပြုဘဲ တင်းတင်းကြပ်ကြပ်စစ်ဆေးနေသည့်အတွက် ပြည်သူများ၏ လွတ်လပ်မှုကို ပိတ်ပင်ရာရောက်သည်ဟု နောက်ထပ် ရခိုင်ဒေသခံ တစ်ဦးကပြောသည်။
“ရေလမ်း၊ကုန်လမ်း အကုန်စစ်ဆေးခံနေရတယ်။ စစ်တွေနဲ့ ပုဏ္ဏားကျွန်းဆို ၄၅မိနစ်တောင် မသွားရတဲ့ခရီး ဒီခရီးလေးကို မှတ်ပုံတင်ကိုင်ပြီး စစ်ဆေးရေးဂိတ် ၂ခုမှာ စစ်ဆေးခံရတယ်။ ဒါဟာ စစ်ကောင်စီက ကျွန်တော်တို့ပြည်သူတွေရဲ့ လွတ်လပ်စွာသွားလာခွင့်ကို ပိတ်ပင်တာဖြစ်ပါတယ်။ ပြောရရင် လူ့အခွင့်အရေးကို ချိုးဖောက်နေတာပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က ကိုယ့်ပြည်မှာ ခုကို စစ်ဆေးခံပြီးမှ သွားလာနေရတာကို ကန့်ကွတ်ပါတယ်”ဟုပြောသည်။
ရခိုင်ပြည်နယ် စစ်တွေမှအမ်း အထိ ကားလမ်းတစ်လျှောက်ရှိစစ်ကောင်စီစစ်ဆေးရေးဂိတ်များဖြစ်သည့် စစ်တွေ တပ်ထိန်းဂိတ်၊ ကျောက်တန်းဂိတ်၊ ကျောက်တော် တပ်ထိန်းဂိတ်၊ မြောက်ဦး ၅၄၀တပ်ရင်း စစ်ဆေးရေးဂိတ်နှင့် အမ်း၊ ပဲပဒုံ စစ်ဆေးရေးဂိတ်၊၃၇၁၊ ၃၇၂၊ ၃၇၃တပ် ရင်းတို့အပြင် စစ်ဆေးရေးဂိတ် ၂၀ကျော်အထိရှိနေသည်။
အဆိုပါစစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များတွင် အမျိုးသားများကို စစ်ဆေးမှုပိုမိုတင်းကြပ်ပြီး ULA/AAနှင့်ဆက်စပ်သည့် သံသယဖြင့် ဖမ်းဆီးမှုများ မကြာခဏဆိုသလိုရှိသည်။
စစ်ကောင်စီကရခိုင်က ကုန်လမ်းရေးလမ်းများကို တင်းတင်းကြပ်ကြပ်စစ်ဆေးနေခြင်းမှာ ပြည်သူများက ULA/AAကို ထောက်ခံသည်ဟုသိရှိသည့်အတွက်အကြောက်တရားဖြစ်အောင်လုပ်ဆောင်နေခြင်းဖြစ်သည်ဟု မြေပုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကပြောသည်။
“စစ်ကောင်စီဟာ ရခိုင်ပြည်သူတွေကို လုံးဝမယုံတော့ဘူး။ ULA/AAကို ထောက်ခံနေတဲ့သူတွေ၊ ထောက်ပံ့နေတဲ့သူတွေ တနည်းအားဖြင့် အဆက်အသွယ်ရှိတဲ့သူတွေဆိုပြီးတော့ အကုန်လုံးကိုမှတ်ယူထားတာပေါ့။ ဒါကြောင့်လည်း ကုန်လမ်း၊ ရေလမ်းတွေကို တင်းတင်းကြပ်ကြပ်စစ်ဆေးနေတာ။ လူတစ်ယောက်ကိုစစ်ရင် ဖုန်းတွေပါစစ်ပြီး နည်းနည်းလေးဆိုရင် ဖမ်းဆီးသွားတာတွေရှိတယ်။ ဒီလိုပုံစံမျိုးလုပ်လာတာဟာ ပြည်သူတွေက ULA/AAကိုထောက်ခံမှုရှိလို့ဆိုတာကို စစ်ကောင်စီက သိနေလို့ဖြစ်ပါတယ်။ အဲ့ဒီလို လုပ်တွေဟာ ပြည်သူတွေ အကြောက်တရားဖြစ်လာအောင်လုပ်နေတာနဲ့တူပါတယ်။ ဒီလို ဆက်လုပ်လေလေ ပြည်သူတွေက စစ်ကောင်စီကို ပိုပြီး မုန်းတီးမှုဖြစ်လာမှာပါ”ဟုပြောသည်။
စစ်ကောင်စီက ရခိုင်တွင် ၂၀၂၀ခုနှစ်ခန့်ကတည်းက စစ်ဆေးရေးဂိတ်များကို တိုးချဲ့ချထားခဲ့သော်လည်း ယင်းအချိန်က စစ်ဆေးမှုမတင်းကျပ်ဘဲ ယခုနှစ် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလခန့်မှစကာ စစ်ကောင်စီနှင့် AAတို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာပြီးနောက်တွင် စစ်ဆေးမှုများယခင်ကထက် ပိုမိုလုပ်ဆောင်လာခဲ့သည်။
(Western News- WN သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)
ဓာတ်ပုံ- ကျော်သန်း