ရန်ကုန်၊ အောက်တိုဘာ ၈
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဇော်ချောင်းရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ ဖျက်ဆီးခြင်းကြောင့် နေအိမ် ၄၂ လုံး မီးလောင် ပြာကျခဲ့ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများ အဖွဲ့ ထံမှ သိရသည်။
အကြမ်းဖက် စစ်တပ် ခမရ-၃၆၃ စစ်ကြောင်းသည် ဇော်ချောင်းရွာကို အောက်တိုဘာလ ၆ ရက်နေ့တွင် စတုတ္ထအကြိမ် မီးရှို့ ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၄၂ လုံး မီးလောင် ပြာကျခဲ့ကာ ဇော်ချောင်းရွာ တစ်ရွာလုံး နေအိမ် ၄၀ လုံးခန့်သာ ကျန်ရှိတော့ကြောင်း သိရသည်။
” ဇော်ချောင်းရွာကို အကြမ်းဖက် စစ်ခွေးတွေ ၄ ကြိမ်မြောက် မီးရှို့တာ နေအိမ် ၄၂ လုံးပြာကျသွားတယ်။ အကြိမ်ကြိမ် မီးရှို့ဖျက်ဆီးလို့ ရွာထဲမှာ ရှိတဲ့ အိမ်ခြေ ၁၃၉ လုံး မီးလောင်ပျက်ဆီးသွားပြီး အခုရွာထဲမှာ အိမ်ခြေ ၄၀ လောက်ပဲ ကျန်တော့တယ်။ ခရိုင် တစ်ခုလုံး စစ်ရှောင်နေရတာ လူဦးရေ ၃ သောင်းလောက်ရှိတယ်။ အခုလည်း ကျေးရွာ ၇ ရွာက ပြည်သူ ၉ ထောင်ကျော် ထပ်ပြီး ထွက်ပြေးနေရတယ်” ဟု ကျွန်းလှ တက်ကြွလှုပ်ရှားသူများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ကန့်ဘလူမြို့နယ် အကြမ်းဖက် စစ်တပ် စစ်ကြောင်းများက အောက်တိုဘာလ ၄ ရက်နေ့မှ စတင်ကာ စစ်ကြောင်းထိုးဝင်ရောက်လျက်ရှိပြီး ဇော်ချောင်း၊ သင်တော၊ လွင်ကြီး၊ အလယ်ခုံ၊ ယောကုန်း၊ သေတ္တာနှင့် အောက်တဲရွာမှ ပြည်သူ ၉ ထောင်ကျော်ခန့်သည် အိုးအိမ်များကို စွန့်ခွာပြီး ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။