30 C
Yangon

စစ်တပ်က အမျိုးသမီး၊ မိန်းကလေးများကို မုဒိမ်းမှုနှင့်လိင်ပိုင်း အကြမ်းဖက်မှုများ ကျူးလွန်နေမှု အရေးယူရန် ကုလညီလာခံတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း တင်ပြ

Must read

ရန်ကုန်၊ အောက်တိုဘာ ၈

မင်းအောင်လှိုင် ခေါင်းဆောင်သော အကြမ်းဖက်စစ်တပ်က စစ်တပ်ဆန့်ကျင်ရေး လှုပ်ရှားသူ အကြမ်းဖက်စစ်တပ်က အမျိုးသမီး၊ မိန်းကလေးငယ်များအပေါ် မုဒိမ်းမှုနှင့်လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို လက်နက်တစ်ခုအဖြစ်အသုံးချ ကျူးလွန်လျက်ရှိပြီး ယင်းသို့ ကျူးလွန်မှုကို စစ်တပ်က ဂုဏ်ယူဖွယ်ရာအဖြစ် ထုတ်ဖော်နေ‌ကြာင်း မြန်မာနိုင်ငံဆိုင် ရာ ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂညီလာခံ အစည်းအဝေးတွင် တင်ပြသည်။

အောက်တိုဘာလ ၆ ရက်နေ့ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် ကျင်းပသော ၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီအစည်းအဝေးတွင် အမျိုးသမီးများကဏ္ဍမြှင့်တင်မှုအစည်းအဝေးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာ အကြမ်းဖက် စစ်တပ်အနေဖြင့် လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာဥပဒေများကို ချိုးဖောက်ကာ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအား ပစ်မှတ်ထားသည့် ပဋိပက္ခအတွင်း လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုကို စစ်လက်နက်တစ်ခုအဖြစ် အသုံးချခဲ့သည်မှာ ဆယ်စုနှစ်များစွာရှိပြီဖြစ်ကြောင်း၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမြို့များ၊ ကျေးရွာများ၊ ထိန်းသိမ်းရေးစခန်းများနှင့် အကျဉ်းထောင်များ အစရှိသည့် ၎င်းတို့ရှိရာနေရာတိုင်းတွင် မုဒိမ်းမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ပိုမို၍ ပြောင်ပြောင်တင်းတင်း ကျူးလွန်လာကြောင်း၊ ကျူးလွန်ရုံမျှမက ယင်းအားဂုဏ်ယူဖွယ် ကိစ္စရပ်အဖြစ်ပင် ထုတ်ဖော်ပြောကြားကြကြောင်း သံအမတ်ကြီးက ဆိုသည်။

အကြမ်းဖက်စစ်တပ်က အမျိုးသမီးများ၊ မိန်းကလေးငယ်များနှင့် ကလေးသူငယ်များအပေါ် လူသားမဆန်သောကျူးလွန်မှုများနှင့် အသက်ဆုံးရှုံးမှုများထပ်မံ မဖြစ်ပွားမီ မြန်မာပြည်သူများကို အကူအညီပေးရန် နိုင်ငံတကာအသိုက်အဝန်းနှင့် ကုလသမဂ္ဂကို သံအမတ်ကြီးက ထပ်မံတောင်းဆိုသည်။

အောက်တိုဘာလ ၇ ရက်နေ့ တွင်လည်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဥပဒေရေးရာဆိုင်ရာကော်မတီ (ဆဋ္ဌမကော်မတီ) အစည်း အဝေး တက်ရောက်ခဲ့ပြီး မြန်မာစစ်တပ်မှ ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာဥပဒေများ အစဉ်တစိုက် ချိုးဖောက်နေမှုများသည် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုအပေါ် ကြီးလေးသော သက်ရောက်မှုရှိကြောင်း ဖြင့် ထောက်ပြပြောကြားသည်။

မြန်မာနိုင်ငံတွင်မူ တရားဥပဒေစိုးမိုးမှုကို အလေးထားဂရုပြုခြင်း အလျဉ်းမရှိဘဲ ပြစ်ဒဏ်ကင်းလွတ်မှုကို အကျိုးခံစားနေသော ပြည်သူမလိုလားသည့် စစ်တပ်ခေါင်းဆောင်က အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးအာဏာများ အားလုံးကို စစ်အာဏာသိမ်းခြင်းဖြင့် ထိန်းချုပ်ထားကြောင်း၊ ၎င်းအနေဖြင့် ရွေးကောက်တင်မြှောက်ခံထားရသော နိုင်ငံတော်သမ္မတနှင့် အခြားသော အစိုးရအဖွဲ့ဝင်များ ကို တရားမဝင် ဖမ်းဆီးထိန်းသိမ်း ချုပ်နှောင်ထားကြောင်း၊ စင်စစ်အားဖြင့် တရားမဝင်စစ်အာဏာသိမ်းမှု သည် ဥပဒေကြောင်းအရသော်လည်းကောင်း၊ တရားဝင်မှုအရသော်လည်းကောင်း အလျဉ်းမရှိပါကြောင်း သံအမတ်ကြီးက ကုလသမဂ္ဂအစည်းအဝေးတွင် တင်ပြသည်။

သို့ရာတွင် တရားမဝင် အာဏာသိမ်းစစ်တပ်အနေဖြင့် ၎င်း၏ အကျိုးစီးပွားကိုသာ ရှေ့ရှု့၍ ၎င်း၏ သဘောဆန္ဒအလျောက် ဥပဒေပြုမှုများဆောင်ရွက်ကြောင်း၊ လက်ရှိအခြေအနေတွင် မည်သည့်တရားရုံး ကမျှ ဥပဒေကို လွတ်လပ်စွာ စီရင်ဆုံးဖြတ်နိုင်ခြင်း မရှိကြောင်း၊ တရားရုံးများအနေဖြင့် ရက်စက် ကြမ်းကြုတ်သည့် စစ်တပ်၏ အမိန့်အာဏာများအတိုင်း အမိန့်စာများအပေါ်တွင် တံဆိပ်တုံးရိုက်နှိပ်ပေး ခြင်းကိုသာ လုပ်ဆောင်လျက်ရှိကြောင်း ပြောဆိုသည်။

အထူးသဖြင့် သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဖမ်းဆီးထိန်းသိမ်းခံ အပြစ်မဲ့ပြည်သူများအပါအဝင် မိမိတို့၏ ရွေးကောက်ခံအရပ်သားအစိုးရအဖွဲ့ အကြီးအကဲများအား ဓားစာခံအဖြစ်ထိန်းသိမ်းကာ လျှို့ဝှက်သောတရားခွင် စစ်ဆေးခြင်းများ ပြုလုပ်ခြင်း တို့မှာ စစ်တပ်၏ ထင်ရှားသော ဥပဒေမဲ့လုပ်ရပ်များ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှု ဆိတ်သုဉ်းလျက်ရှိပြီး ပြည်သူများအနေဖြင့်လည်း တရားမမျှတမှုများကို လူးလိမ့်စွာခံစားနေရကြောင်း၊ တရားမဝင် စစ်အာဏာသိမ်းမှုဖြစ်ပေါ်ချိန်မှစ၍ မြန်မာပြည်သူများသည် စစ်တပ်၏ မျိုးစုံသော ရက်စက်ကြမ်းကြုတ်မှုများ၊ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ လူနေအိမ်များ မီးရှို့ဖျက်ဆီးမှုများ၊ မြို့နယ်၊ ကျေးရွာနှင့် စာသင်ကျောင်းများကို လေကြောင်းဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခြင်းများကို ရင်ဆိုင်နေရကြောင်း၊ IIMM အနေဖြင့် ၎င်းတို့၏ လုပ်ပိုင်ခွင့်နှင့်အညီ သက်သေအထောက်အထားများကို ရယူလျက်ရှိရာ အထောက်အထားများအရ စစ်တပ်အနေဖြင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ပြစ်မှုကို ကျူးလွန်လျက်ရှိကြောင်း သံအမတ်ကြီးက ပြောသည်။

ထို့ပြင် စစ်တပ်အနေဖြင့် ယခုနှစ် ဇူလိုင်လအတွင်း၌လည်း ဦးဂျင်မီနှင့် လွှတ်တော်အမတ်ဖြစ်ခဲ့သူ ဦးဖြိုးဇေယျာသော်အပါအဝင် ဒီမိုကရေစီအရေး လှုပ်ရှားသူ (၄) ဦးတို့ကို ရက်စက်ကြမ်းကြုတ်စွာ ဥပဒေမဲ့ သတ်ဖြတ်ခဲ့ကြောင်း၊ ယင်းသတ်ဖြတ်မှုများကို စစ်တပ်၏ အတုအယောင် တရားခွင်များဖြင့် လျှို့ဝှက်စွာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပြီးခဲ့သော လအတွင်း၌လည်း စစ်တပ်က စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာရှိ စာသင် ကျောင်းတစ်ခုကို ရဟတ်ယာဉ်အသုံးပြု၍ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြစ်မဲ့စွာ ပညာသင်ကြားဆော့ကစားနေသည့် ကလေးငယ် (၇) ယောက် အပါအဝင် အနည်းဆုံး လူ (၁၃) ဦး သေဆုံးခဲ့ရကြောင်း၊ ယင်းရာဇဝတ်မှုများသည် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနှင့် လူသားချင်းဆိုင်ရာ ဥပဒေများကို ပြောင်ပြောင် တင်းတင်းချိုးဖောက်ရာ ရောက်ကြောင်း သံအမတ် ဦးကျော်မိုးထွန်းက ရှင်းပြသည်။

စစ်တပ်က ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာဥပဒေများ အစဉ်တစိုက်ချိုးဖောက်နေမှုများသည် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုအပေါ် ကြီးလေးသော သက်ရောက်မှုရှိကြောင်း၊ အဓိကအားဖြင့် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုများကြောင့် လူ (၁) သန်း ကျော် နေရပ်စွန့်ခွာမှုကို ဖြစ်ပေါ်စေ ကြောင်း ထောက်ပြသည်။

စစ်တပ်မှ ပြည်သူလူထုအပေါ် ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်မှုများကို ရပ်တန့်ပြီး တရားမျှတရေး လုပ်ငန်းစဉ်ကို စတင်ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ တရားမဝင်စစ်တပ်၏ အာဏာရှင်စနစ်ကို အပြီးသတ် ချုပ်ငြိမ်းခြင်းဖြင့်သာ မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှု ပြန်လည်တည်ဆောက်နိုင်ရန် စတင်နိုင်မည် ဖြစ်ကြောင်း၊ သို့မှသာ အားလုံးပါဝင်၍ တာဝန်ယူမှု၊ တာဝန်ခံမှု ပြည့်ဝသည့် တရားမျှတသောအဖွဲ့အစည်း များဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော်သစ်တစ်ရပ်ကို တည်ထောင်နိုင်မည်ဖြစ်ကြောင်း သံအမတ်ကြီးက ဆိုသည်။

အာဆီယံနှင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာပြည်သူများနှင့် အတူ ခိုင်မာစွာရပ်တည်ပေးရန် နှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ၊ တရားမျှတမှုနှင့် တရားဥပဒေစိုးမိုးမှုတို့ ပြန်လည် တည်ဆောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည့် ရွေးကောက်တင်မြှောက်ခံ အမျိုးသား ညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် ထိတွေ့ပူးပေါင်းဆောင်ရွက်ကြရန် တောင်းဆိုကြောင်း သံအမတ်ကြီးက တင်ပြတောင်းဆိုခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article