36 C
Yangon

ဘူးသီးတောင်တွင် ဆရာဦးရှေကုလ်အစ္စလာမ် ပစ်သတ်ခံရ ၊ နေအိမ်တွင် ကျန် ရစ်သော တိရိစ္ဆာန်များကို အစာကျွေးပြီး အပြန် ဆိုင်ကယ်ကို ပစ်ခတ်ခံရကာ ထိမှန် သေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၈

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်တွင် ရိုဟင်ဂျာ အများစု လေးစားကြည်ညိုခံရသော ဆရာဦးရှေကုလ်အစ္စလာမ် ပစ်သတ်ခံရလိုက်ပြီး နေအိမ်တွင် ကျန်ရစ်သော တိရိစ္ဆာန် များကို အစာကျွေးပြီး အပြန် ဆိုင်ကယ်ကို ပစ်ခတ်ခံရကာ ကျည်ထိမှန်သေဆုံးခြင်းဖြစ်ကြောင်း တူမဖြစ်သူ ဒေါ်ဝေဝေနုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဦးလေးဖြစ်သူ ဆရာဦးရှေကုလ်အစ္စလာမ်သည် မိသားစုနှင့်အတူ စစ်ဘေးရှောင်နေရာမှ နေအိမ်တွင် ကျန်ရစ်သော တိရိစ္ဆာန်များကို လာရောက်အစာကျွေးပြီး အပြန် ပစ်ခတ်ခံရကြောင်း၊ ရိုဟင်ဂျာကျေးရွာများတွင် စစ်တပ်နှင့် AA က အခြေချ၍ တိုက်ပွဲဖြစ်ပွားနေခြင်းမှာ မေးခွန်းထုတ်စရာဖြစ်ကြောင်း ဒေါ်ဝေဝေနုက ပြောသည်။

“AA နဲ့ စစ်တပ်က ဂူတာပြင်နဲ့ အနီးတစ်၀ိုက်ရွာတွေမှာ ခြေကုပ်ချပြီးတော့ နေတာလေ။ ရွာသားတွေ တော်တော်များများက ထွက်ပြေးသွားကြပြီ။ ကျမဦးလေးက သူ့မိန်းမနဲ့ကလေးတွေကို လွန်ခဲ့တဲ့ အပတ်ကတည်းက ရွှေ့ထားတယ်။ သူလည်း ပြီးခဲ့တဲ့ ၁ ရက် ၂ ရက်ကရွှေ့သွားတယ်။ သူလည်းစိမ်းညှင်းပြင်ကို ရွှေ့တယ်။ သူရွှေ့ပြီးနေပေမယ့် အိမ်မှာ ခွေးတွေ တိရိစ္ဆာန်တွေ ကျန်ခဲ့တော့ အစာ လာကျွေးတာ။ အစာလာကျွေးပြီး အပြန်မှာ ပစ်သတ်ခံရတာ။ အဲဒီဘက်မှာက မနက်ပိုင်းကို တိုက်ပွဲဖြစ်လေ့မရှိဘူး ။ မနက်ပိုင်းမှာ ဘာမှမဖြစ်တော့ မနက်ပိုင်းကို သူ လာပြီးတော့ အစာကျွေးတာတဲ့။ အဲဒီမှာ ပစ်တာက ရွာသားတွေရဲ့ ပြောပြချက်အရတော့ AA ခြေကုပ်ချထားတဲ့နေရာကနေ သူတို့ ဆိုင်ကယ် ကယ်ရီကို ပစ်တာ။ AA ဘက်က ပစ်တယ်လို့ ရွာသားတွေက ပြောတယ်။ အဓိက ရိုဟင်ဂျာ ရွာတွေမှာ သူတို့ အခြေချပြီးတော့ တိုက်ပွဲဖြစ်တာက မေးခွန်း ထုတ်စရာ ဖြစ်တယ်ပေါ့” ဟု ဒေါ်ဝေဝေနုက ဆိုသည်။

ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင်ကမူ ဆရာဦးရှေကုလ်အစ္စလာမ် သေဆုံးမှုအပေါ် “လူတွေကတော့ အတော်လေးကို နှမြောနေတာ၊ မာစတာဘွဲ့ရပညာတတ်၊ လူတိုင်းနဲ့ သင့်မြတ်သူဆိုတော့” ဟု မှတ်ချက်ပြုပြောဆိုသည်။

ကွယ်လွန်သူ ဆရာဦးရှေကုလ်အစ္စလာမ်ကို ဂူတာပြင်ရွာအနီးရှိ စိမ်းညှင်းပြာရွာတွင် မြေမြှုပ်သဂြိုဟ်မည်ဖြစ်ကြောင်း သိရှိရသည်။

ရခိုင်တပ်တော် AA နှင့် စစ်ကောင်စီတပ်များအကြား ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နှင့်မောင်တောမြို့နယ်များတွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားလျက်ရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article