ရန်ကုန်၊ အောက်တိုဘာ ၁၀
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် မုန်းမြို့အဝင် မုန်းချောင်းတံတားထိပ်ရှိ စစ်တပ် တပ်စွဲထားသောနေရာ၌ ယနေ့ နံနက်ပိုင်းတွင် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံ များထံမှ သိရသည်။
အကြမ်းဖက် စစ်တပ် စစ်တပ်စွဲထားသော မုန်းမြို့အဝင် တံတားဂိတ်ကို KNU တပ်မဟာ ၃နှင့် ပူးပေါင်း အဖွဲ့တို့က ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး မုန်းမြို့အဝင်အထွက်ကို အကြမ်းဖက် စစ်တပ်က ပိတ်ထားကာ ပစ်ခတ်မှု ၁၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း ဒေသခံများက ပြောဆိုသည်။
အလားတူ မကွေးတိုင်း မြိုင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဝယ် ၂ စခန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း Y-BSA အဖွဲ့ထံမှ သိရသည်။
စစ်တပ် တပ်စွဲထညးသော ဝယ် ၂ စခန်းကို အောက်တိုဘာလ ၉ ရက်နေ့ ညပိုင်းတွင် Yangon Based Students Association (Y-BSA) တပ်ဖွဲ့ နှင့် UBRS၊ မကစ၊ ပကဖ၊ တရ ပကဖ၊ သခ ပကဖ အဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို အတည် မပြုနိုင်သေးကြောင်း သိရသည်။
ထို့ပြင်မကွေးတိုင်း၊ ထီးလင်းမြို့နယ်တွင် အောက်တိုဘာလ ၁၀ ရက်နေ့ ယနေ့ နံနက် ၁ နာရီ အချိန်ခန့် တွင်ရွှေအောင်သာအထိုင်တပ်အနီးမှပေါက်ကွဲသံကြားရပြီးနောက် လက်နက်ငယ်များအဆက်မပြတ်ပစ်ဖောက်ခဲ့ကြောင်း၊ YDF(Htilin) ထောင်ထားသည့် တိုက်မိုင်းတစ်လုံးကွဲပြီး သွေးစသွေးနများနှင့် စစ်တပ်တပ်သားများ၏ ဖိနပ်ခြေရာများ တွေ့ကြရသဖြင့် အနည်းဆုံးတစ်ဦးမှငါးဦးထိ သေဆုံးဒဏ်ရာရနိုင်ကြောင်း Yaw Defence Force(Htilin)က ပြောသည်။
အလားတူ အောက်တိုဘာလ ၉ ရက်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ လယ်လှကျေးရွာရှိ ပျူစစ်ဆေးရေးဂိတ်ကို KBU. UG ၊ မြေပြင်လုပ်ရှားညီနောင်များ ၊ ကန့်ဘလူတောင်ခြမ်း Local အဖွဲ့များ ပူးပေါင်း၍ ၆၀ မမ ၆ လုံး နှင့် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း၊ လယ်လှကျေးရွာမှ ပျူစောထီး ၅ ဦး ကို ဖမ်းမိရာ ပျူစောထီးစစ်စစ်ဖြစ်သူ လယ်လှကျေးရွာမှ ဖြိုးကျော်ကို ရှင်းလင်းခဲ့ပြီး ကျန် ၄ ဦးအား ပြန်လွှတ်ပေးခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။
ထို့အတူ ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်တွင် နယ်ခြားစောင့်တပ်နှင့် စစ်ကောင်စီတပ်တို့၏ လက်နက်ခဲယမ်းများ သယ်ဆောင်လာသောကားကို ဆော့လော်မြို့နယ် ကျီးရှင်ကျေးရွာအနီးတွင် ယမန်နေ့ အောက်တိုဘာ ၉ ရက်နေ့တွင် KIA က တိုက်ခိုက်၍ လက်နက်ခဲယမ်းများ သိမ်းယူနိုင်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်ဘက်မှ သေဆုံးမှုရှိကြောင်း ကချင်သတင်းရင်းမြစ် Kachinwaves က သတင်းဖော်ပြသည်။
ဓာတ်ပုံ- ကချင်ပြည်နယ်မှ PDF တပ်ဖွဲ့ဝင်တချို့။