28 C
Yangon

မြောက်ဦးတွင် စစ်တပ်နှင့် AA တို့အပြန်လှန်ပစ်ခတ်မှုဖြစ်၊ မောင်တောတွင်လည်း တိုက်ပွဲပြင်းထန်ပြီး စစ်တပ်ဘက်အထိနာဟုဆို

Must read

ရန်ကုန်၊ အောက်တိုဘာ၊ ၁၀

ရခိုင်ပြည်နယ်၊ မြောက်ဦးတွင် စစ်ကောင်စီတပ်နှင့် AA တို့အပြန်လှန်ပစ်ခတ်မှုဖြစ်ပြီး ယနေ့နံနက်ပိုင်း မောင်တောတွင်လည်း တိုက်ပွဲပြင်းထန်ပြီး စစ်တပ်ဘက်အထိနာနေကြောင်း ရခိုင်ဒေသသတင်းရင်းမြစ်များနှင့်ဒေသခံများထံမှ သိရှိရသည်။
ယမန့်နေ့ အောက်တိုဘာ ၉ ရက် သီတင်းကျွတ်လပြည့်ည၌ မြောက်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ နှစ်ဖက်အပြန်လှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းနေထိုင်သူများကပြောသည်။

ပစ်ခတ်မှုဖြစ်ပွားသည့်နေရာမှာ စစ်ကောင်စီတပ်တို့တပ်စွဲထားရာ လင်းမြွေတောင်နှင့် ရက္ခိုင့်တပ်တော်မှ တပ်စွဲထားသည့် ကညင်တောင်တို့မှ နှစ်ဖက်အပြန်အလှန် လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြခြင်းဖြစ်သည်ဟု အဆိုပါတောင်များနှင့် အနီးစပ်ဆုံးတွင် နေထိုင်သည့် ကျေးရွာသားတစ်ဦးက ပြောသည်။

“၇ နာရီဝန်းကျင်လောက်ကစပြီးပစ်ကြတာ။ လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်။ လက်နက်ငယ်တွေနဲ့လည်းပစ်တယ်။ ကညင်တောင်ကလည်းပစ်တယ်။ လက်နက်ကြီးကတော့ တော်တော်ပစ်တယ် လင်းမြွေတောင်ဖက်ကပစ်တာများတယ်။ နံနက် ၄ နာရီလောက်အထိ ပစ်တာကြားရတယ်” ဟုပြောသည်။

အဆိုပါတောင်များနှင့် အနီးနားဝန်းကျင်တွင် ပေါက်ပင်ကွင်း၊ ကျီရာပြင်၊ ထိဝပြင်၊ အိုးထိန်း စသည့်ကျေးရွာများရှိနေပြီး ရွာအတွင်းသို့ လက်နက်ကြီးကျရောက်မှုများမရှိသောကြောင့် ထိခိုက်မှုတစ်စုံတစ်ရာမရှိဟု ကျေးရွာသားများကဆိုသည်။

ယမန်နေ့ည နှစ်ဖက်ပစ်ခတ်မှုတွင် ကျောက်တော်တပ်မ စကခ(၉)မှလည်း လင်နက်ကြီးများဖြင့် ည ၉ နာရီမှ ၁၁ နာရီဝန်းကျင်အထိ ပစ်ကူမှုရှိခဲ့သည်ဟု ကျောက်တော်ဒေသခံတစ်ဦးကပြောသည်။

“မနေ့က ကျောက်တော်တပ်မကလည်း ပစ်တယ်။ အလုံးရေ ၃၀ ကျော်လောက်ရှိမယ်ထင်တယ်။ လင်းမြွေတောင်တစ်ဝိုက်အနီးဝန်းကျင်ကိုပစ်တာလို့တော့ထင်ရတယ်။ အဲ့ဖက်ကလည်း လက်နက်ငယ်သံတွေကြားနေရတယ်” ဟုပြောသည်။

အလားတူ ယနေ့ နံနက်ပိုင်း ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊လိပ်ရနယ်ခြားစောင့်စခန်းတွင် AA နှင့် စစ်ကောင်စီတပ်များက တိုက်ပွဲ အပြန်အလှန်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲပြင်းထန်ကြောင်း၊ စစ်ကောင်စီတပ်စခန်းကို AA က သိမ်းပိုက်သည်ဟု သတင်းများရရှိထားသော်လည်း အတည်မပြုနိုင်သေးကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့မှာ ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက်နေ့ကလည်း မင်းပြားနှင့် မြေပုံဆက်သွယ်ထားသည့် ကြပ်စင်တံတားဖက်တွင် လက်ကြီးများဖြင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတို့ရှိခဲ့သည်။

အဆိုပါပစ်ခတ်မှုတွင်လည်း စစ်ကောင်စီတပ်ဖက်မှ ကြပ်စင်တံတားပေါ်ယာယီတပ်စွဲပိတ်ဆို့ထားသည့်တပ်အပြင် မင်းပြား ခမရ ၅၄၁ တပ်ရင်းအနီး ၎င်းတို့တပ်စွဲထားသည့်တောင်မှလည်း လက်နက်ကြီးများဖြင့် အနီးနားကျေးရွာများသို့ ဦးတည်ကာ ဆက်တိုက်ပစ်ခတ်ခဲ့ကြသည်။

စစ်ကောင်စီတပ်မှ ထိုသို့ပစ်ခတ်မှုကြောင့် မင်းပြားမြို့နယ် ဖလောင်းပြင်မှ ဒေသခံ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။

စစ်ကောင်စီအနေဖြင့် ရက္ခိုင်တပ်တော်နှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားတိုင်း ပြည်သူများနေထိုင်ရာ ရပ်ကွက်ကျေးရွာများအား ဦးတည်ပစ်ခတ်မှုပြုလုပ်တတ်ပြီး ထိုသို့ပစ်ခတ်မှုများကြောင့်လည်း မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ဘူးသီးတောင် စသည့်မြို့နယ်များမှ ၁ နှစ်မှ ၈ နှစ်ကြား ကလေးငယ်များအပါအဝင် ဒေသခံအများအပြား ထိခိုက်သေဆုံးမှု၊ ဒဏ်ရာရရှိမှုတို့ရှိခဲ့ပြီးဖြစ်သည်။

ဓာတ်ပုံ- AA တပ်ဖွဲ့ဝင်များ။

(Western News- WN သည်ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article