24 C
Yangon

ဒူဘိုင်းတွင် အိမ်အကူသွားလုပ်သည့် ရဝမ်တိုင်းရင်းသူ မခေါ်ကဲနင် ပျောက်ဆုံး၊ အိမ်ရှင်က အနိုင်ကျင့်မှုရှိဟု မိသားစုထံ အကြောင်းကြားပြီးနောက် ပျောက်ဆုံးခြင်းဖြစ်ဟုဆို

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၁

အရှေ့အလယ်ပိုင်း၊ ဒူဘိုင်းတွင် အိမ်အကူအဖြစ် သွားရောက် အလုပ်လုပ်သည့် ပူတာအိုမှ ရဝမ်တိုင်းရင်းသူ မခေါ်ကဲနင် ပျောက်ဆုံးနေပြီး အိမ်ရှင်က အနိုင်ကျင့်မှု ရှိနေသည်ဟု မြန်မာနိုင်ငံမှ မိသားစုထံ အကြောင်းကြားပြီးနောက် ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း မခေါ်ကဲနင်၏ အစ်မဖြစ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မခေါ်ကဲနင်သည် ၂၀၂၂ ခုနှစ် ၊ ဇန်နဝါရီလတွင် ဒူဘိုင်းသို့ အိမ်အကူအဖြစ် သွားရောက် အလုပ်လုပ်ကြောင်း၊ ထိုသို့ အလုပ်လုပ်စဉ် အိမ်ရှင်များဘက်က အနိုင်ကျင့်သဖြင့် အေဂျင်စီဖြင့် ဆက်သွယ်ပြီး အေဂျင်စီထံသို့ ပြန်လည် ထွက်လာကြောင်း၊ သို့ရာတွင် အေဂျင်စီဘက်က တစ်စုံတစ်ရာ ဆောင်ရွက်ပေးခြင်းမရှိဘဲ အဆိုပါအိမ်ရှင်ထံသို့ ပြန် လည်စေလွှတ်သဖြင့် နောက်တစ်ကြိမ် သွားရောက် အလုပ်လုပ်ရကြောင်း၊ ယင်းနောက် အနိုင်ကျင့်မှုရှိကြောင်း မိသားစုထံ အကြောင်းကြားပြီးနောက် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“သူက ၁ လပိုင်းမှာ ဒူဘိုင်းကိုသွားတာ။ ၉ လပိုင်းအထိ အဆက်အသွယ်ရတယ်။ အိမ်ရှင်က အနိုင်ကျင့်တယ်။ အဲဒါ အေဂျင်စီကို ပြန်ပြောပြီး သူက ထွက်ပြေးလာတယ်။ အဲဒါ အေဂျင်စီက ဘယ်သူ့ကိုမှ အဲဒီအကြောင်းမပြောခိုင်းဘဲ အိမ်ရှင်ဆီ ပြန်လွှတ်တယ်။ အဲဒါ နောက်တစ်ကြိမ် အဲဒီအိမ်ရှင်ဆီရောက်‌ပြီးတော့ အနိုင်ကျင့်မှုရှိတယ်ပြောတယ်။ အဲဒါအေဂျင်စီကို ဆက်သွယ်ပြီးတော့ ပြောပြီးတော့ ပျောက်နေတာ” ဟု မခေါ်ကဲနင်၏ အစ်မဖြစ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မခေါ်ကဲနင်၏ မိသားစုက ၎င်းတို့၏ ညီမဖြစ်သူကို ရန်ကုန်ပြန်ပို့ပေးရန်အတွက် အေဂျင်စီကို ငွေကျပ် ၁၅ သိန်းပေးထားပြီးဖြစ်ကြောင်း၊ ရန်ကုန်ရှိ အေဂျင်စီ၏ နာမည်မှာ စိုင်းပန် ဟု အမည်ပေးထားသည်ဟု သိရှိရကြောင်း၊ လက်ရှိတွင် မခေါ်ကဲနင် ပျောက်ဆုံးနေသည်မှာ ရက်အတော်ကြာမြင့်လာပြီဖြစ်ကြောင်း သိရှိရသည်။

“သူတို့က ဖုန်းနံပါတ်တွေပေးတယ်။ အင်္ဂလိပ်လိုတွေလည်းပြောတယ်။ အဲဒါ အခု ဘယ်မှာ ရောက်နေမှန်းလဲမသိဘူး။ ပျောက်နေတာ။ အရမ်းစိတ်ပူနေပါတယ်” ဟု အစ်မဖြစ်သူက ပြောသည်။

မြန်မာနိုင်ငံမှ ဒူဘိုင်းသို့ အိမ်အကူ ပို့ဆောင်ခွင့်ကို ခွင့်ပြုထားခြင်းမရှိဘဲ တရားမဝင် ပြည်ပအလုပ်အကိုင်အေဂျင်စီများနှင့် တရားဝင် အေဂျင်စီများက အလုံးအရင်းဖြင့် မြန်မာအမျိုးသမီးများကို အိမ်အကူအဖြစ် စေလွှတ်လျက်ရှိကြောင်း၊ အကြမ်းဖက်စစ်ကောင်စီကလည်း အိမ်အကူ အဖြစ် စေလွှတ်မှုများကို မသိကျွိုးကျွံပြုမှုများရှိကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီကျွမ်းကျင်သူတစ်ဦးက ပြောသည်။

“အခုက စစ်တပ်ဘက်က ဒါတွေကို မသိတာမဟုတ်ဘူး။ ငွေယူပြီး မသိချင်ယောင်ဆောင် လွှတ်နေတာပါ။ ဒေါ်လာရ ပြီးရော ဖြစ်ချင်ရာဖြစ်ဆိုတဲ့သဘောပဲ။ ပြည်ပ အလုပ်အကိုင်အေဂျင်စီ လုပ်ပိုင်ခွင့်ရတာကလည်း သူတို့လူတွေပါပဲ” ဟု အဆိုပါ ကျွမ်းကျင်သူက ဆိုသည်။

ယခုနောက်ပိုင်း ဒူဘိုင်းတွင် မြန်မာအမျိုးသမီးများ အိမ်အကူအဖြစ် သွားရောက်အလုပ်လုပ်ကိုင်ပြီး အဆင်မပြေမှုများ ကြုံတွေ့နေရမှုများ အဆက်မပြတ် ဆက် တိုက်ဆိုသလိုဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဒူဘိုင်းတွင် အိမ်အကူအလုပ်လုပ်ရင်း အိမ်ရှင်၏ အနိုင်ကျင့်မှုရှိနေ သည်ဟု မိသားစုထံ အကြောင်းကြားပြီးနောက် ပျောက်ဆုံးနေသူ ရဝမ်တိုင်းရင်းသူ မခေါ်ကဲနင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article