28 C
Yangon

မြန်မာစစ်တပ်အပေါ် ဆင်နွှဲရမည့် NUG ၏ စီးပွားရေးစစ်ပွဲ

Must read

By Zachary Abuza

လက်နက်ကိုင်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေဆဲအချိန်မှာပင် စစ်ကောင်စီအပေါ် ဆင်နွှဲနေသည့် မြန်မာ့တော်လှန်ရေးအတွက် နောက်ထပ်စစ်မျက်နှာစာ အသစ်တစ်ခု ပေါ်ထွက်လာသည်။ ၎င်းမှာ ချိနဲ့နေသည့် မြန်မာ့စီးပွားရေးကို တိုက်ခိုက်မည့် စစ်မျက်နှာစာ ဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးတပ်များ(PDFs)နှင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များ (EROs)သည် တိုက်ပွဲများ ဆက်လက်ဆင်နွှဲ၍ မြန်မာစစ်တပ်ထံမှနယ်မြေများ ပိုမိုထိန်းချုပ်သိမ်းပိုက်နိုင်ရေး ကြိုးပမ်းနေစဉ်မှာပင် တော်လှန်ရေး လှုပ်ရှားမှုသည် အင်အားချိန်ခွင်လျှာ အသာစီးရနိုင်မည့် လမ်းကြောင်းသစ်များကို ရှာဖွေလျက်ရှိသည်။

စစ်‌ကောင်စီ၏ ပြည်တွင်းပြည်ပ စီးပွားရေး အခက်အခဲအကျပ်အတည်းများ ရင်ဆိုင်ကြုံတွေ့ နေရခြင်းကိုကြည့်၍ အသာစီးရနိုင်မည့် သော့ချက်သည် စီးပွားရေးကဏ္ဍ၌ ရှိနေကြောင်း အရိပ်အမြွက် ညွှန်ပြနေသည်။

ဤမူဝါဒစာတမ်းတွင် အရှေ့တောင်အာရှဒေသနှင့် သောင်းကျန်းမှုများဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးဖြစ်သော ဇက်အဘူဇာ(Zach Abuza)က မြန်မာအတိုက်အခံအစိုးရ၏ အနာဂတ် လမ်းပြမြေပုံနှင့် ယခုစစ်ပွဲ၏ ကဏ္ဍအသစ်တွင် ပြင်ပလေ့လာသူများ စောင့်ကြည့်သင့်သည့် နည်းဗျူဟာ များကို ရှင်းလင်းတင်ပြထားသည်။

စစ်တပ်၏ တိုက်ခိုက်နိုင်စွမ်းကို ချိနဲ့သွားစေရန်သာမက တော်လှန်ရေး ရန်ပုံငွေကိုထောက်ပံ့၍ မြန်မာ့အနာဂတ်အတွက် အလုပ်ဖြစ်သော စီးပွားရေးစနစ်တစ်ခုကို တည်ထောင်နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် ၎င်း၏ မိတ်ဖက်များက စီးပွားရေးတိုက်ပွဲကို လိမ္မာပါးနပ်စွာ ဆင်နွှဲနိုင်လိမ့်မည်ဟု စာတမ်းရှင်က ဆွေးနွေးထားသည်။

ဤသို့ စီးပွားရေးစစ်ပွဲ ဆင်နွှဲခြင်းအားဖြင့် NUG သည် စစ်မြေပြင်တွင် စစ်ကောင်စီ၏ ရှိရင်းစွဲအားသာချက်ကို ကျော်လွှားကောင်း ကျော်လွှားနိုင်ဖွယ် ရှိသည်။

ဇူလိုင် ၃၁ရက်မိန့်ခွန်းတွင် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းပြည်၏ အရေးပေါ်အခြေအနေကို နောက်ထပ်ခြောက်လ သက်တမ်းတိုးမြှင့်ကြောင်း ကြေညာခဲ့ပြီး ယင်းကာလအတွင်း စီးပွားရေးတည်ငြိမ်အောင် ဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့သည်။ ဤကတိကဝတ်သည် စိတ်ဝင်စားစဖွယ် ဝန်ခံချက်တစ်ခု ဖြစ်သည်။

ရှေ့တန်းစစ်မျက်နှာပြင်မှ သတင်းဆိုးများသည် နေပြည်တော် ခံတပ်မြို့တော်အတွင်း စိမ့်ဝင်ထိုးဖောက်လာခြင်း မရှိသည့်တိုင်အောင်ပင် ဆိုးဝါးသည့် စီးပွားရေးအခြေအနေ၏ အကျိုးဆက်များမှာမူ ၎င်းခံတပ်အတွင်း စတင် ထိုးဖောက်ဝင်လာနေသည့် လက္ခဏာပင်ဖြစ်သည်။

စစ်ကောင်စီသည် စစ်မြေပြင်၌ ကြီးမားသည့် ဆုံးရှုံးမှုများ ရင်ဆိုင်နေရသလို လျင်မြန်စွာ ပြိုလဲနေသည့် မြန်မာ့စီးပွားရေးမှာ ၎င်းတို့၏ အမှန်တကယ် ချိနဲ့သော ပျော့ကွက်ဟာကွက်ဖြစ်သည်။ “စစ်အစိုးရအခက် NUGအချက်” ဆိုသလို ၎င်းပျော့ကွက်ကို NUG ကဦးစားပေးရမည် ဖြစ်သည်။

ရှေ့တန်းမှ သတင်းဆိုး

စစ်ကောင်စီ၏ စစ်မြေပြင်အရေးနိမ့်မှုများမှာ အမှန်တကယ် ဖြစ်ပွားလျက်ရှိသည်။ အစဉ်အဆက် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များနှင့် အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကွပ်ကဲမှုအောက်ရှိ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ (PDFs) ၂၅၇ ဖွဲ့တို့၏ အံ့အားသင့်စဖွယ် ခိုင်မာသော ပေါင်းစပ်ညှိနှိုင်း တိုက်ပွဲဆင်နွှဲမှုများကို စစ်တပ်သည် စစ်မျက်နှာပြင် အမြောက်အများ ဖွင့်လှစ်တိုက်ခိုက်ရင်း လူအား၊ ငွေအား၊ ပစ္စည်းအား စသည့်ရင်းမြစ်များ လျော့နည်းကုန်ခမ်းလာလျက် ရှိသည်။

ထို့အပြင် စစ်တပ်ကို တိုက်ခိုက်နေသော အခြားရာနှင့်ချီသည့် ပြည်သူ့စစ်အဖွဲ့များလည်းရှိသည်။ ၂၁၂၁ ခုနှစ် စက်တင်ဘာလ၌ နိုင်ငံအဝှမ်းစတင်ခဲ့ပြီး မကြာသေးမီက ပိုမိုပြင်းထန်လာသည့် ပုန်ကန်ထကြွမှုများအပြီး နယ်မြေသိမ်းပိုက် ထိန်းချုပ်နိုင်ရေးဟူသော ၎င်းတို့၏ ဒုတိယအဆင့် စစ်ဆင်ရေးရည်မှန်းချက်ကို စတင်လိုက်ပြီဖြစ်ကြောင်း NUG ခေါင်းဆောင်များက ကြေညာခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ၏ အစီရင်ခံစာအရ ၂၀၂၂ ခုနှစ် ပထမခြောက်လအတွင်း တိုင်းရင်းသား နယ်စပ်ဒေသများအပြင် ဗမာအများစုနေထိုင်ရာ အလယ်ပိုင်းဒေသအထိ နိုင်ငံအဝှမ်း စုစုပေါင်း ၃၃၀ မြို့နယ်အနက် ၇၁ ရာခိုင်နှုန်းတွင် စစ်တပ်ကို လက်နက်ကိုင်ပုန်ကန်မှုများ ဖြစ်ပွားခဲ့ပြီး နေမြေအများအပြားမှာ NUGနှင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ (EROs)များ၏ လက်ထဲတွင် ကျရောက်နေသည်ဟု ဟုဆိုသည်။

မြန်မာစစ်တပ်သည် ယမန်နှစ်က စုစုပေါင်း စစ်သား ၁၈,၀၀၀ ဆုံးရှုံးခဲ့ရာ လစဉ်ကျဆုံးမှု ၂ ရာခိုင်နှုန်း ခန့်ရှိသည်ဟု NUG ကခန့်မှန်းသည်။ ဤခန့်မှန်းချက်မှာ မြင့်မားနေဖွယ်ရှိသော်လည်း စစ်အစိုးရတပ်ဖွဲ့ဝင် ၁၂,၀၀၀မှ ၁၅,၀၀၀ခန့်အတွင်း ကျဆုံးခဲ့သည်မှာထင်ရှားသည်။ ဒဏ်ရာရစစ်သားဦးရေမှာ ၃၅,၀၀၀ မှ ၅၀,၀၀၀အကြားရှိမည်ဟု ခန့်မှန်းထားပြီး စစ်တပ်မှ ဘက်ကူးပြောင်းလာသူ ထောင်ပေါင်းများစွာရှိသလို အရေအတွက် အတိအကျမသိရသည့် တပ်ပြေးများလည်းရှိသည်။

ထိခိုက်ကျဆုံးမှုနှင့် ဘက်ကူးပြောင်းမှုများ ဆက်လက်မြင့်တက်နေသည်။ မကြားသေးမီက စစ်သား ၁၉ ဦးပါ တပ်စိတ်တစ်စိတ်ဘက် ကူးပြောင်းလာခဲ့ရာ ၎င်းမှာ အုပ်စုလိုက်ဘက်ကူးလာမှုကို စတင် တွေ့မြင်လာရခြင်းဖြစ်ပြီး စိတ်ဓာတ်ရေးရာယိုယွင်းကျဆင်းသည့်လက္ခဏာတစ်ခု ဖြစ်သည်။

စစ်ဆင်ရေး အများစုကို ဆင်နွှဲရသည့် ခြေမြန်တပ်ရင်းများတွင် လူအင်အားလျော့နည်းနေပြီး ထိထိရောက်ရောက် စစ်ဆင်နိုင်မှုကို ထိခိုက်စေလောက်အောင် အလွန်အမင်းလျင်မြန်စွာ ထိုးစစ်ဆင်နေကြရသည်။ ခြေမြန် တပ်ရင်းများတွင် ပုံမှန်အားဖြင့် အင်အား ၄၀၀-၅၀၀ခန့်ရှိသော်လည်း ယခုအခါ စစ်သား ၃၀၀ ခန့်ဖြင့်သာ လည်ပတ်နေရသည်ဟု ခန့်မှန်းရရှိသည်။

မတ်လ ၂၂ ရက်က ပြဋ္ဌာန်းလိုက်သော ဥပဒေအရ ရဲတပ်ဖွဲ့ဝင်များကို ရှေ့တန်းစစ်မျက်နှာ၌ တာဝန်ထမ်းဆောင်ခွင့်ပြုခဲ့သလို အထိုင်တပ်များဖြစ်သည့် နယ်ခြားစောင့်တပ်နှင့် နယ်မြေခံတပ်များသည်လည်း ရှေ့တန်းစစ်ဆင်ရေးများတွင် စတင်ပါဝင်ဆင်နွှဲ လာခဲ့ရသည်။

စစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများသည် ယခင်က ဘေးကင်းလုံခြုံခဲ့သော ဗမာလူမျိုးတို့ နေထိုင်ရာ မြန်မာပြည်အလယ်ပိုင်းကို ဖြတ်သန်းသွားလာနေကြသည်။ ယနေ့အချိန်တွင် ၎င်းထောက်ပံ့ရေးလမ်းကြောင်းများသည် PDF များ၏ ခြုံခိုတိုက်ခိုက်မှုကို ခံနေရသည်။

လုံခြုံစိတ်ချရသည်ဟု တပ်မတော်၏ ယခင်မှတ်ယူထားခဲ့သမျှ ယခုမှန်ကန်ခြင်းမရှိတော့ပေ။ အဓိကအရေးအကြီးဆုံးမှာ ဖြတ်လေးဖြတ် စစ်ဆင်ရေးဗျူဟာသည် လူထုကို ဒူးထောက်အညံ့ခံ လာအောင် စွမ်းဆောင်နိုင်ခြင်း မရှိခဲ့သည့် အချက်ဖြစ်သည်။

လက်တွေ့အားဖြင့် အာဏာသိမ်းပြီးကတည်းက စစ်တပ်သည် လက်နက်ကြီးများ၊ အထိန်းမဲ့လေကြောင်းပစ်ခတ်မှုများဖြင့် အရပ်သားများကို တမင်ပစ်ခတ်ခြင်း၊ လူသတ်မှု၊ လိင်ပိုင်းအကြမ်းဖက်မှုတွင် ပါဝင်ခြင်းအပြင် လူနေအိမ် ၂၈,၀၀၀ကျော်ကို ဖျက်စီးပစ်ခဲ့ပြီးဖြစ်သည်။ သို့တိုင်အောင်လည်း စစ်အုပ်ချုပ်ရေးကိုဆန့်ကျင်သော လူအများ၏တော်လှန်ရေးသည် နိုင်ငံအနှံ့အပြား ဆက်လက်ပေါ်ပေါက်နေဆဲပင်ဖြစ်သည်။

စစ်ခေါင်းဆောင်များဖြစ်သည့် မင်းအောင်လှိုင်နှင့် စိုးဝင်းတို့သည် အဖွဲ့ဝင်ဗိုလ်ချုပ်ကြီးများကို အနားပေးပြီး မိမိတို့အပေါ် ပုဂ္ဂိုလ်ရေးအရ နာခံသော စစ်တပ်မျိုးဆက်သစ် သစ္စာစောင်သိသူများကို အာဏာပေးကာ ၄င်းတို့၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) သန့်စင်ရေးနှင် မိမိတို့အာဏာ ကျစ်လစ်ခိုင်မာရေးကို စတင်ပြုလုပ်လာသည်။

၂၀၂၂ ခုနှစ်၊ ဩဂုတ်လတွင် တိုင်းမှူးများကို အစားထိုးခန့် ထားခြင်းဖြင့် အဆိုပါဖယ်ရှားမှုကို စတင်ခဲ့ပြီး ဤလုပ်ရပ်သည် ၎င်းတို့၏အားနည်းမှုနှင့် မလုံခြုံမှုကို ပြသနေသည့် လက္ခဏာပင်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ စစ်ကောင်စီ၌ စိန်ခေါ်မှုအခက်အခဲများရှိလင့်ကစား ငွေကြေး၊ လက်နက်၊ စက်မှုအင်အား၊ တပ်သားစုဆောင်းမှု စသည့်အချက်များ၌ အာဏာချုပ်ကိုင်ထားသည့် ၄င်းတို့တွင် ရှိရင်းစွဲအားသာချက်များလည်း အစဉ်အမြဲရှိနေသည်။ လက်တွေ့ကျသော အောင်ပွဲခံနိုင်ချေလမ်းကြောင်း မရှိသော်လည်း စစ်ကောင်စီသည် အလျင်အမြန်ကျရှုံးမည်ဟု ယူဆပါက လွဲမှားပေလိမ့်မည်။

၎င်းတို့၏ တစ်ခုတည်းသော ဗျူဟာမှာ အတိုက်အခံတို့ကို ခေါင်းမဖော်နိုင်အောင်ဖိနှိပ်၍ တစ်စထက်တစ်စ အင်အားချိနဲ့လာအောင် စစ်ဆင်ခြင်းအားဖြင့် NUG ၏ အင်အားနှင့်ငွေကြေးတို့ ကုန်ခမ်းသွားအောင် ပြုလုပ်ကာသမိုင်းကြောင်းနှင့် ချီပြီးတည်ရှိခဲ့သော ရှိရင်းစွဲ မယုံသင်္ကာဖြစ်မှုများကြောင့် NUGနှင့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့များအကြား နီးကပ်သည့်ဆက်ဆံရေးကို ပျက်ပြားစေရန် ရည်ရွယ်မျှော်လင့်သည်။

၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲတစ်ခုကို ပရမ်းပတာ ကျင်းပနိုင်ရုံမျှနှင့်ပင် နိုင်ငံများအတွက် စစ်ကောင်စီကို အသိအမှတ်ပြုရန် အကြောင်းရင်း လုံလောက်ကောင်း လုံလောက်သွားနိုင်ပေသည်။

အတားအဆီးမဲ့ ကျဆင်းနေသော စီးပွားရေး
စစ်ကောင်စီအတွက် စစ်ရေးအခြေအနေကောင်းမွန်ခြင်းမရှိဟု ဆိုကောင်းဆိုနိုင်သော်လည်း ၎င်းသည် ယိုယွင်းနေသည့် စီးပွားရေးအခြေအနေနှင့် နှိုင်းယှဉ်ရလောက်အောင် ဆိုးဝါးခြင်းမရှိပေ။ မြန်မာ့စီးပွားရေးသည် အထိန်းအကွပ်မရှိထိုးကျလျက်ရှိသည်။

မြန်မာ့ဂျီဒီပီသည် ၂၀၂၁ ခုနှစ်တွင် ၁၈ ရာခိုင်နှုန်းကျုံ့ဝင်ခဲ့ပြီး ယခုနှစ်တွင် ၃ရာခိုင်နှုန်း တိုးတက်မည်ဟု ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်အပါအဝင် ၂၀၂၂ ခုနှစ်အတွက်သုံးသပ်မှုများမှာ အလွန်အမင်းအကောင်း မြင်လွန်းနေသည်။ ငွေကြေးဖောင်းပွမှုသည် ပြီးခဲ့သည့်သုံးလပတ်အတွင်း ၁၈ ရာခိုင်နှုန်းနီးပါးအထိ စံချိန်တင်မြင့်တက်ခဲ့ပြီး ဆန်ဈေးနှုန်းမှာ အာဏာသိမ်းပြီးကတည်းက ၅၀ရာခိုင်နှုန်းမြင့်တက်လာသည်။

ယခုအခါ ဆင်းရဲမွဲတေမှုမျဉ်းအောက် ရောက်ရှိနေသူပေါင်းမှာ လူဦးရေ၏ ၄၀ ရာခိုင်နှုန်းရှိသည်။ ထိုအချိန်၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသည် မြန်မာနိုင်ငံမှ ထွက်ခွာရန် ထွက်ပေါက်၌ ဆက်လက်တန်းစီနေကြပြီး ဝင်လာသမျှ အနည်းငယ်သော ရင်းနှီးမြှုပ်မှုမှာလည်း တရုတ် သို့မဟုတ် စင်္ကာပူမှတစ်ဆင့် ပြန်ဝင်လာသည့် မြန်မာငွေကြေးများဖြစ်သည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ မဟုတ်သော ပြည်ပပို့ကုန်များကျဆင်းခဲ့သည်။ သို့သော် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍဝင်ငွေမှာ ဆက်လက်အားကောင်းနေသည်။ ၂၀၂၂ ခုနှစ်၊ ဧပြီလမှ ဇူလိုင်လအထိ ကာလတစ်ခုတည်းမှာပင် သဘာဝဓာတ်ငွေ့ ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ရရှိခဲ့သည်ဟု စစ်ကောင်စီကဆိုသည်။

နိုင်ငံခြားငွေကြေး ပြတ်လပ်လာသဖြင့် စစ်ကောင်စီက ငွေကြေးထိန်းချုပ်မှုများ ပြဋ္ဌာန်းဆောင်ရွက်ခဲ့ရသည်။ အဆိုပါ ငွေကြေးထိန်းချုပ်မှုများတွင် ဈေးကွက်ပေါက်ဈေးထက် နိမ့်သောနှုန်းဖြင့် နိုင်ငံခြားငွေကို အတင်းအကြပ်လဲလှယ်စေခြင်း ပါဝင်သည်။ စီးပွားရေးလုပ်ငန်းများသို့ နိုင်ငံခြားငွေကို မှောင်ခိုဈေးကွက် ပေါက်ဈေးဖြင့်ရောင်းချခဲ့သဖြင့် ယိုင်နဲ့နဲ့ သွင်းကုန်လုပ်ငန်းများအပေါ် အသားတင်ထိခိုက်မှုများ ရှိလာသည်။

အမေရိကန်တစ်ဒေါ်လာလျှင် ၁,၈၀၀ ကျပ်မှ ၂,၁၀၀ ကျပ်အထိ တရားဝင်လဲလှယ်နှုန်းကို တိုးမြှင့်သတ်မှတ်ခဲ့သော်လည်း ပြီးခဲ့သည့်လပိုင်းအတွင်း ကျပ်ငွေတန်ဖိုးသည် တစ်ဒေါ်လာလျှင် ၄,၅၀၀ကျပ်အထိ ကျဆင်းခဲ့ပြီး လက်ရှိတွင်လည်း ၃,၀၀၀ ကျော်ထိ ကျဆင်းနေဆဲ့ဖြစ်သည်။ ကျဆင်းနေသောကျပ်ငွေကို ကျားကန်ပေးရန် နောက်ထပ်အမေရိကန်ဒေါ်လာ သန်း ၂၀၀ သုံးစွဲမည်ဟု ဗဟိုဘဏ်က ဩဂုတ် ၃၁ ရက်တွင်ကြေငြာသည်။ ဗဟိုဘဏ်၏ အမြဲပြောင်းလဲနေသည့် မူဝါဒများကြောင့် စီးပွားရေးလုပ်ငန်းများမှာ ချာချာလည် ဖြစ်နေကြရသည်။
မြန်မာ့ဘဏ္ဍာရေးစနစ်သည် ကြိုးတန်းပေါ် စွန့်စွန့်စားစား လမ်းလျှောက်နေရသည်။ အာဏာသိမ်းပြီးလျှင် ပြီးချင်း ဘဏ်များမှ အပြေးအလွှား ငွေထုတ်ယူမှုများ ရှိခဲ့သလို အေတီအမ်စက်များတွင်လည်း ငွေသားပြတ်လပ်မှုများ ဖြစ်နေဆဲပင် ဖြစ်သည်။

မိုဘိုင်းဘဏ်ဝန်ဆောင်မှုများ ပြိုလဲသွားခြင်းက ပြန်လည်ကုစား မရနိုင်လောက်သော ဆိုးကျိုးများရှိခဲ့ပြီး အထူးသဖြင့် မိုဘိုင်းဘဏ်ဝန်ဆောင်မှုကို နှစ်ပေါင်းများစွာ အားပေး သုံးစွဲခဲ့သော လယ်သမားများနှင့် ဒေသခံကုန်သည်များကို ထိခိုက်နစ်နာစေခဲ့သည်။ အခြားဘဏ်များတွင်မူ ငွေလွှဲပြောင်းမှုများကို စောင့်ကြည့်စစ်ဆေးရန် စစ်တပ်အရာရှိများကိုခန့်ထားခဲ့သည်။

လယ်သမားများအထိနာကြရသည်။ ယူရီးယားဓာတ်မြေဩဇာဈေး နှစ်ဆတက်ကာ ပိုးသတ်ဆေး ဈေးနှုန်းများ သုံးဆတက်သွားသည်။ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးတင်သွင်းမှုမရှိသဖြင့် သီးနှံအထွက်နှုန်းများ တဖြည်းဖြည်း ကျဆင်းလာမည်ဟု မျှော်လင့်ရသည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့ဗ်၏ မကြာသေးမီက မြန်မာနိုင်ငံခရီးစဉ်အတွင်း လက်နက်အပြင် ရုရှားဓာတ်မြေဩဇာများ ရောင်းချရေးကိုပါ ဆွေးနွေးခဲ့ကြောင်းသတင်းရရှိသည်။

စိုက်ပျိုးရာသီတစ်လျှောက် လုပ်ငန်းဆောင်ရွက်ရန် လိုအပ်သော ငွေပင်ငွေရင်းရှားပါးမှုကြောင့် လယ်သမားများ အကြပ်ဆိုက်နေခဲ့ပြီး ဖြစ်သည်။ ဆန်တန်ချိန် ၂ သန်းတင်ပို့နေမှုကို ၂၀၂၅ ခုနှစ်တွင် နှစ်ဆတိုးမြှင့်ရေး ရည်မှန်းချက်ကို ပြည့်မီအောင်ဆောင်ရွက်နိုင်ဖွယ်မရှိပေ။

အာဏာမသိမ်းမီက ဗဟိုဘဏ်တွင် နိုင်ငံခြားသုံးသီးသန့်ရန်ပုံငွေ ဒေါ်လာ ၇.၆၇ ဘီလီယံရှိခဲ့သည်။ ယခုအခါ စစ်ကောင်စီက သီးသန့်ရန်ပုံငွေဒေါ်လာ ၆ ဘီလီယံရှိသည်ဟု ဆိုသော်လည်း အနောက်တိုင်း ဆန်းစစ်သူများကမူ ဒေါ်လာ ၆ ဘီလီယံအောက်သာရှိမည်ဟု ခန့်မှန်းသည်။ NUG ကမူ အမေရိကန်ပြည်ထောင်စုက သိမ်းဆည်းထားသော ဒေါ်လာ ၁.၁ ဘီလီယံအပါအဝင် ဒေါ်လာ ၄ ဘီလီယံခန့်သာရှိမည်ဟု တွက်ဆထားသည်။

ယနေ့စစ်မျက်နှာပြင်များစွာဖွင့်လှစ်၍ တိုက်ပွဲဆင်နွှဲနေရ သည့်အခါ အာဏာမသိမ်းမီက ဒေါ်လာ ၂ ဘီလီယံမှ ၂ ဒသမ ၅ ဘီလီယံအကြားရှိခဲ့သော စစ်အသုံးစရိတ်မှာ ယခုအခါ ထိုပမာဏထက် ပိုမိုများပြားလာသည်။ စစ်ကောင်စီ၏ နိုင်ငံခြားသုံး သီးသန့်ရန်ပုံငွေများ အလျင်အမြန် ကုန်ဆုံးနေကြောင်း သက်သေသာဓကရှိသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ဒီဇင်ဘာလအတွင်း ကျပ်ငွေကိုကာကွယ်ရန် ဗဟိုဘဏ်က ဒေါ်လာသန်း ၄၀၀ ခန့် သုံးစွဲခဲ့သည်။ လက်ရှိ ရွှေနှင့် ဒေါ်လာပေါက်ဈေးများ မြင့်တက်နေသည်။ ဩဂုတ်နှောင်းပိုင်း ၅ ရက်တာကာလအတွင်း ရွှေဈေးသည် ၂၁ ရာခိုင်နှုန်း မြင့်တက်သွားသည်။ စက်တင်ဘာ ၁ ရက်နေ့တွင် ၎င်း၏ သီးသန့်အရန်ရွှေများကို ဈေးနှုန်းနိမ့်ဖြင့် ထုတ်ရောင်းချပေးမည်ဟု စစ်ကောင်စီက ကြေညာသည်။

လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုသည် လတ်တလောလိုအပ်ချက်၏ ၆၀ ရာခိုင်နှုန်းသာရှိသဖြင့် စီးပွားရေး တိုးတက်မှုကို နောက်ထပ် အဟန့်အတားတစ်ခု ဖြစ်ပေါ်စေလျက်ရှိသည်။ ဓာတ်ဆီဈေးမှာတစ်လီတာလျှင် ကျပ် ၂,၀၀၀ ကျော် နေပြီဖြစ်ကာ စီးပွားရေးကိုဆိုးဝါးစွာထိခိုက်နေပြီး အထူးသဖြင့် နေ့စဉ် ၂၄နာရီ လျှပ်စစ်မီးမရဘဲ မီးစက်များကိုသာမှီခိုနေရသည့် စက်မှုလုပ်ငန်းများကို အကြီးအကျယ်ထိခိုက်ခဲ့သည်။

(ရုရှားနိုင်ငံတွင် ရုံးများဖွင့်လှစ်ထားပြီးဖြစ်သော ဆွစ်ဖ် (SWIFT) စနစ်အစား ရုရှားငွေကြေး သတင်းပို့စနစ်ကို ကျင့်သုံးမည့် မြန်မာဘဏ်များမှတစ်ဆင့် ရူဘယ်ငွေဖြင့်ပေးချေကာ) ရုရှားနိုင်ငံမှ လျှော့ဈေးဖြင့် ရောင်းချမည့်ရေနံကို ဝယ်ယူတင်သွင်းမည်ဟု မြန်မာကကြေညာခဲ့သော်လည်း ရေရှည်တွင် ဆီပြတ်လပ်နိုင်မှုများကို မည်သည့်အချိန်၌ မည်သို့ ဖြည့်တင်းပေးမည်ဟူသည့် အချက်မှာ ရှင်းလင်းမှုမရှိပေ။

မကြာသေးမီက စစ်ကောင်စီ၏ မူဝါဒလှုပ်ရှားကစားမှုများက အကျပ်အတည်း၏ နက်ရှိုင်းမှုအတိုင်းအတာ ကိုထုတ်ဖော်ပြသနေသည်။ စစ်တပ်သည် လုံးဝပင်ထိတ်လန့်တကြားအနေအထားသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ပထမဆုံးသိသာ ထင်ရှားသည့်အချက်မှာ ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ နိုင်ငံခြားကြွေးမြီပေးဆပ်မှုကို ရပ်ဆိုင်းရန် သို့မဟုတ် ငွေပေးချေမှု စည်းကမ်းချက်များကို ပြန်လည်ညှိနှိုင်းရန် ဗဟိုဘဏ်က ၂၀၂၂ ခုနှစ် ဇူလိုင် ၁၃ ရက်တွင် အမိန့်တစ်ရပ်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“နိုင်ငံခြားငွေကြေးဥပဒေနှင့် နိုင်ငံခြား ငွေကြေးစီမံခန့်ခွဲရေး နည်းဥပဒေများအရ အရင်းနှင့်အတိုးအပါအဝင် နိုင်ငံခြားချေးငွေ ပြန်လည်ပေးဆပ် ခြင်းကိုဆိုင်းငံ့ထားပြီး လိုင်စင်ရဘဏ်များအနေဖြင့် ငွေပေးဆပ်မှုအစီအစဉ်ကို ၎င်းတို့၏ ပုံမှန်ဖောက်သည်များနှင့် ပြန်လည်ဆွေးနွေးသွားရန် ဖြစ်ကြောင်း” ကြေညာချက်တွင်ဖော်ပြပါရှိသည်။ မြန်မာကုမ္ပဏီများ၏ ကြွေးမြီစုစုပေါင်းပမာဏသည် ဒေါ်လာ ၁.၂ ဘီလီယံရှိသည်ဟု Bloomberg ကဆိုသည်။

ဒုတိယအချက်မှာ ငွေကြေးထိန်းချုပ်ရေး နောက်ထပ်စည်းကမ်းချက် အသစ်များထုတ်ပြန်ခဲ့ခြင်းနှင့် သွင်းကုန်ထိန်းချုပ်ရန် စစ်ကောင်စီက ကြိုးပမ်းလာခြင်းဖြစ်သည်။ ထိခိုက်မှုအခြေအနေသည် “ရုတ်ချည်း ပြင်းထန်လာကြောင်း” ကမ္ဘာ့ဘဏ်ကပြောဆိုသည်။ မြန်မာ့အခြေအနေသည် သီရိလင်္ကာလောက် မဆိုးဝါးသော်လည်း ယခုကိုယ့်မူဝါဒနှင့်ကိုယ် ထိခိုက်နေသော စီးပွားရေးအကျပ်အတည်းကို ကုစားနိုင်ရန် နှစ်ပေါင်းများစွာကြာမြင့်ပေလိမ့်မည်။

သို့ရာတွင် အကြောင်းရင်းသုံးချက်ကြောင့် စီးပွားရေးအခြေအနေ ပိုမိုဆိုးဝါးလာသည်။ ပထမအချက်မှာ မင်းအောင်လှိုင်နှင့် စိုးဝင်းအပါအဝင် ထိပ်တန်းမြန်မာစစ်ခေါင်း‌ဆောင်များသည် လက်တွေ့နှင့် ကင်းကွာသည့် စိတ်ကူးယဉ်ကမ္ဘာထဲတွင် နေထိုင်လျက်ရှိကြသော်လည်း ၎င်းတို့လက်အောက်တစ်ဆင့်နိမ့် ဗိုလ်ချုပ်ကြီးများမှာမူ မိမိတို့အဓမ္မ ရယူထားသည့် စည်းစိမ်ဥစ္စာများကို ရေခြားမြေခြားသို့ အံ့အားသင့်စဖွယ် အလျင်အမြန်ရွှေ့ပြောင်းနေကြခြင်းဖြစ်သည်။ ငွေကြေးများသည် ဗြိတိသျှဗာဂျင်အိုင်းလန်းအပြင် ဒူဘိုင်းသို့ စီးထွက်နေသည်။ စင်္ကာပူနိုင်ငံကိုမူ ဘေးကင်းလုံခြုံသည့်နေရာဟု မယူဆကြတော့ပေ။

လက်တွေ့အားဖြင့် စစ်ကောင်စီအဖွဲ့ဝင်များကိုယ်တိုင်၏ လောဘက ၄င်းတို့၏ မူဝါဒများကို ပြန်လည်ဖျက်ဆီးနေကြသည့် သက်သေရှိသည်။ အထက်တွင်ဖော်ပြသကဲ့သို့ စစ်ကောင်စီက ငွေကြေးထိန်းချုပ်မှုများ တင်းကြပ်စွာပြုလုပ်နေလင့်ကစား အချို့ဖြစ်ရပ်များတွင် ခရိုနီကြီးများ ပိုင်ဆိုင်သည့် ငွေကြေးအဖွဲ့ အစည်းများက ယင်းမူဝါဒများကို ချိုးဖောက်နေသည်။ စစ်တပ်ခရိုနီတစ်ဦးဖြစ်သော ဦးဇော်ဝင်းရှိန် ပိုင်ဆိုင်သည့် “အေ ဘဏ်”၏ မကြာသေးမီက နိုင်ငံခြားငွေရောင်းချမှုတွင် အခွင့်ထူးခံလူနည်းစုအား ဈေးကွက်ပေါက်ဈေးထက် နိမ့်သောနှုန်းဖြင့် နိုင်ငံခြားငွေများ ရောင်းချပေးခဲ့သည်။

အချုပ်အားဖြင့် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ၄င်း၏ ခေါင်းဆောင်မှုအောက်ရှိ ပုဂ္ဂိုလ်တိုင်းသည် ကိုယ့်အတွက်သာ ကိုယ်တွေးနေကြသည်။ ငွေအရင်းအမြစ် စီးထွက်မှုလက်သည်များ၌ စစ်ကောင်စီ၏ ဗိုလ်ချုပ်ကြီးများကိုယ်တိုင် ရှေ့ဆုံးမှပါဝင်လျက်ရှိခြင်းသည် မိမိတို့၏ အုပ်ချုပ်မှုအပေါ် မိမိယုံကြည်သည့် လက္ခဏာတစ်ရပ်ကား မဟုတ်ပေ။

စီးပွားရေးအခြေအနေပိုမိုဆိုးဝါးစေသည့် ဒုတိယအကြောင်းရင်းမှာ မြန်မာကျပ်ငွေတန်ဖိုး လျော့ကျခြင်းသည် ငွေမာရရှိနေသူများအတွက် အားသာချက်များ ဖန်တီးပေးကာ ငွေလို၍ အကြပ်ရိုက်နေသူများ၏ ပိုင်ဆိုင်ပစ္စည်းကို ၎င်းတို့က ဈေးပေါပေါဖြင့် ဝယ်ယူလာနိုင်ကြခြင်းဖြစ်သည်။ စီးပွားရေးက ဆက်လက်ကျဆင်းလျက်ရှိရာ ငွေလို၍ ပိုင်ဆိုင်ပစ္စည်း ရောင်းချသည့်ဖြစ်စဉ်များ ပိုမို ပေါ်ပေါက်လာဦးမည်ဖြစ်သည်။

တတိယအကြောင်းရင်းမှာ အထိတ်တလန့်ဖြစ်လာသော စစ်ကောင်စီသည် အမြင့်ဆုံး ဘဏ္ဍာရေးရာထူးများတွင် အဓိကသစ္စာစောင့်သိသူများကိုခန့်ထားပြီး စီးပွားရေးချက်ချင်း ပြန်လည်ဦးမော့အောင်စေခိုင်းလာခြင်း ဖြစ်သည်။မိမိအတွင်းစည်းပြင်ပမှ မည်သူ့ကိုမဆို ၎င်းတို့က မယုံကြည်ပေ။၂၀၂၂ ခုနှစ် ဩဂုတ် ၁၉ ရက်တွင် ဗဟိုဘဏ်ဥက္ကဋ္ဌနေရာ၌ လုပ်ကြံသတ်ဖြတ်မှုဘေးမှ အသက်မသေဘဲ လွတ်မြောက်လာပြီး စစ်ကောင်စီ၏ မေးခွန်းထုတ်စရာ မလိုအောင် သစ္စာစောင့်သိသူဟု အများသိရှိထားသည့် ဒု-ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေဖြင့် အစားထိုးခန့်အပ်ကြောင်း နစက,က ကြေညာသည်။

သူ၏လက်ထောက် ဗဟိုဘဏ်ဒု-ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ဇော်မြင့်နိုင်မှာ စစ်တပ်၏ အဆင့်အမြင့်ဆုံး ဘဏ္ဍာရေးအရာရှိဖြစ်ကာ ကမ္ဘောဇဘဏ်ဥက္ကဋ္ဌနှင့် ယောက်ဖတော်စပ်သူဖြစ်သည်။ ဇွန်လအတွင်း စစ်ကောင်စီသည် ဒုတိယဗိုလ်မှူးကြီးခြောက်ဦးကို ဗဟိုဘဏ်၌ အကြီးတန်းအရာရှိများအဖြစ် ပြောင်းရွှေ့ခန့်ထားခဲ့ပြီး ၎င်းမှာယုံကြည်မှုကိုဆောင်ကြဉ်းပေးနိုင်မည့် ခန့်အပ်မှုမျိုးမဟုတ်ပေ။ ပိုမိုကျယ်ပြောသော စီးပွားရေးလောကတစ်ခုလုံးရှိ မည်သူတစ်ဦးတစ်ယောက်မျှ အဆိုပါပုဂ္ဂိုလ်များကို စီးပွားရေးပဲ့ကိုင်ရှင်များအဖြစ် ယုံကြည်စိတ်ချနိုင်ခြင်းမရှိကြပေ။

(Stimson မဂ္ဂဇင်းပါ Zachary Abuza ၏ “The NUG’s Economic War on Myanmar’s Military” ဆောင်းပါးကိုဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article