28 C
Yangon

ကင်မွန်းချောင်းရှိ စစ်ကောင်စီတပ်ဖွဲ့များ ထပ်မံတိုက်ခိုက်ခံရ၊ ရဲစခန်းမှ လက်နက်ကြီးများဖြင့် အနီးဝန်းကျင်သို့ ပစ်ခတ်နေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၅

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးဘုရားတောင်တက်လမ်း၊ ကင်မွန်းချောင်းကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ကို အမည် (စိစစ်ဆဲ) အဖွဲ့က အောက်တိုဘာလ ၁၅ ရက် ယနေ့နံနက်တွင် ထပ်မံ တိုက်ခိုက်ခဲ့ပြီး ရဲစခန်းတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် အနီးဝန်းကျင်သို့ ပြန်လည်ပစ်ခတ်နေကြောင်း သတင်းရရှိသည်။

“မနက် ၁၁ နာရီ ၁၅ မိနစ်မှာ တစ်ဖက်အဖွဲ့က ကင်မွန်းချောင်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို လာပစ်တယ်။ ဘယ်နေရာမှာလဲတော့ မသိဘူး။ အခု ရဲစခန်းကနေ စစ်ကောင်စီက လက်နက်ကြီးတွေ၊ စက်လက်တွေနဲ့ ပြန်ပစ်နေတယ်။ လက်နက်ကြီးက အကြမ်းဖျဉ်း ၃ မိနစ် တစ်ကြိမ်လောက် ပစ်တယ်” ဟု ကင်မွန်းချောင်းဒေသ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၂ ရက်နေ့တွင် ကင်မွန်းချောင်းကျေးရွာရှိ ကျိုက်ထီးရိုးဘုရားတောင်တက်ကားဂိတ် စစ်ကောင်စီတပ်ဖွဲ့ကို KNU တပ်မဟာ ၁ မိတ်ဖက်တော်လှန်ရေးအင်အားစုများက လာရောက်ပစ်ခတ်ခဲ့ပြီး ရဲများ ထိခိုက်သေဆုံးမှု ရှိခဲ့သလို စစ်ကောင်စီဘက်မှ ပြန်လည် ရမ်းသန်းပစ်ခတ်ခြင်းကြောင့် ခရီးသွား ပြည်သူ ၃ ဦး သေဆုံး ၁၃ ဦး ဒဏ်ရာရခဲ့သလို စစ်ကောင်စီ ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး ‌ကင်မွန်းချောင်းကျေးရွာအုပ်စု ကျောင်းစုပိုင်းမှ ပြည်သူ ၃ ဦး ဒဏ်ရာရကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီဘက်ကမူ လက်နက်ကိုင်တပ်ဖွဲ့များ ပစ်ခတ်မှုကြောင့် ခရီးသွားပြည်သူများ သေဆုံး ဒဏ်ရာရခြင်းဖြစ်ကြောင်း မဟုတ်မမှန် ဝါဒဖြန့်လျှက်ရှိသည်။

“၁၂ ရက်နေ့ ဖြစ်စဉ်ပြီးကတည်းက စစ်ကောင်စီက ကင်မွန်းချောင်း ရဲစခန်းမှာ လက်နက်ကြီး ဆင်ထားတယ်၊ ဒီနေ့လည်း ကျိုက်ထီးရိုး လာတဲ့ ဘုရားဖူးတွေတော့ ရှိနေတုန်းပဲ၊ အခုတော့ လမ်းပေါ်မှာ လူတွေ ရှိ၊ မရှိ မသေချာဘူး။ လက်နက်ကြီး ပစ်ခတ်မှုက နေ့လယ်ထိ ရှိနေတုန်းပဲ” ဟု ကင်မွန်းချောင်းဒေသ သတင်းရင်းမြစ်က ဆက်ပြောသည်။

ယနေ့ ပစ်ခတ်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် ရန်ကုန်ခေတ်သစ်က ဆက်လက်စုံစမ်းလျှက်ရှိသည်။

ဓါတ်ပုံ – ကင်မွန်းချောင်းနယ်မြေ ရဲစခန်း (ပုံအဟောင်း ဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article