30 C
Yangon

လက်ပံတန်းမှ ကိုအောင်ဇော်မင်းကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ရဲစခန်းတွင် နှိပ်စက် သတ်ဖြတ်

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၅

ပဲခူးတိုင်း လက်ပံတန်းမြို့နယ်မှ ကိုအောင်ဇော်မင်းကို စစ်တပ်နှင့် ရဲက ဖမ်းဆီးပြီး လက်ပံတန်းရဲစခန်းတွင် နှိပ်စက် သတ်ဖြတ်ခဲ့ကြောင်း ဒေသခံ ပြည်သူများက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် ဖမ်းဆီးသတ်ဖြတ်ခဲ့သော ကိုအောင်ဇော်မင်းသည် လက် ပံတန်းမြို့ မြို့မရပ်ကွက် လက်ပံတန်းမီးပွိုင့် အဝိုင်းအနီးတွင် ဂစ်တာနှင့် မျက်မှန်ဆိုင် ဖွင့်လှစ်ရောင်းချနေသူဖြစ်ပြီး စက်တင်ဘာလ ၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်နှင့် ရဲများက NUGနှင့် PDF တပ်ဖွဲ့ကို ထောက်ပံ့သည်ဟုဆိုကာ ဖမ်းဆီးခဲ့ပြီး လက်ပံတန်းရဲစခန်းတွင် နှိပ်စက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကိုအောင်ဇော်မင်းသည် ရဲစခန်း အမှုစစ် ခန်းအတွင်းစစ်ကြော နှိပ်စက် ခံရသော ဒဏ်ရာများကြောင့် ဆီးချိုရောဂါအခံရှိ၍ ဒဏ်ရာများမှာ ပိုမိုဆိုးရွားလာကြောင်း၊ ကျန်းမာရေး အခြေအနေ ဆိုးရွားလာသောကြောင့် လက်ပံတန်း ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသရာမှ မသက်သာသဖြင့် သာယာဝတီဆေးရုံကြီးသို့ အောက်တိုဘာ ၁၃ ရက်နေ့တွင် ပို့ဆောင်ကုသခဲ့ကြောင်း၊ အခြေအနေ တိုး တက်လာခြင်း မရှိဘဲ အောက်တိုဘာလ ၁၄ ရက်နေ့ နံနက်အစောပိုင်းတွင် ကွယ်လွန်သွားကြောင်း သိရသည်။

” ကိုအောင်ဇော်မင်းက လူအေးလူကောင်းပါ။ ယုတ်မာပြီးသတ်လိုက်ကျတာ မိုးခိုင်ဆိုတဲ့ လက်ပံတန်း စခန်းမှူးလည်း ကိုအောင်ဇော်မင်းကို ဖမ်းဆီး သတ် ဖြတ်တဲ့အထဲပါတယ်။ သူက စစ်ခွေး ဘောမကောင်အကြီးစားပါ။ သူမကျေနပ်တဲ့သူတိုင်းကို PDF ထောက်ပံ့နေတယ်ဆိုပြီး တိုင်လို့ ဆင်းဖမ်းတာလို့သိရတယ်။ စီးပွားရေးသမားတွေ မနာလိုလို့ တိုင်တဲ့သဘောဗျ ပုဂ္ဂိုလ်ရေးနဲ့ မကျေ နပ်လို့ လိမ်တိုင်တာပေါ့။ ဒါကို ရဲက နှိပ်စက်လို့ ဒဏ်ရာရပြီးသေတာပါ။ ဒီနေ့မွန်းလွဲ ၂ နာရီ ကျွန်းကလေး သုဿန်မှာ သဂြိုလ်မယ်လို့ သိရတယ်။ သာယာဝတီဆေးရုံကနေ သဂြိုလ်မှ ရုပ်အလောင်းကို သယ်လာမှာ မိသားစုကိုလည်း အလောင်းကြည့်ခွင့်မပေးဘူး။ အလောင်းလည်း ပြန်မပေးဘူး” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

ကိုအောင်ဇော်မင်း ဖမ်းဆီးခံရသည့်နေ့၌ လက်ပံတန်းမြို့ပေါ်ရှိ Ensure ရုံးဝန်ထမ်းများဖြစ်ကြသည့် ကိုပြည့်ဖြိုးဦး၊ ကိုခန့်ဖြိုးနှင့်အတူ လင်မယား၂ ဦးကိုလည်း PDF တပ်ဖွဲ့ကို ထောက်ပံ့သည်ဆိုကာ ဖမ်းဆီးသွားခဲ့ကြောင်း၊ ပုဆိုးခေါင်းစွပ်ကာ ထိုးကြိတ်ရိုက်နှက်၍ ခလရ (၃၅) တပ်တွင် စစ်ကြောရန် ခေါ်ဆောင်သွားကြောင်း၊ ယင်းသို့ စစ်ကြောပြီးနောက် ကိုပြည့်ဖြိုးဦးနှင့် ကိုခန့်ဖြိုးကို ဆက်လက် ချုပ်နှောင်ထားပြီး လင်မယား ၂ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း၊ ထိုဖမ်းဆီးခံရသူ ၂ ဦးကို လက်ပံတန်း မြို့မရဲစခန်းသို့ ပို့ဆောင်ကာ တရားစွဲဆိုခဲ့ပြီး အောက်တိုဘာလ ၁၇ ရက်နေ့တွင် သာယာဝတီခရိုင် တရားရုံးသို့ အမှုလွှဲပြောင်းကာ ထောင်တွင်းမှ ဆက်လက် တရား ရင်ဆိုင်ရမည် ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article