ရန်ကုန်၊ အောက်တိုဘာ ၁၇
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ကညန ရုံးရှိ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ လက်ပစ်ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခံရကြောင်း သိရသည်။
အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၁ နာရီခန့်တွင် မုံရွာမြို့၊ နတ်လူထိပ္ပန် ရပ်ကွက်၊ မုံရွာ-မန္တလေး အမြန်လမ်းဘေး ကညန ရုံးရှိ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ကို လက်လုပ် လက်ပစ်ဗုံး ၄ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်ဒဏ်ရာရရှိမှု ရှိကြောင်း သိရသည်။
တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက လက်နက်ငယ်များဖြင့် တုန့်ပြန် တိုက်ခိုက်ခဲ့ပြီး ကာကွယ်ရေး တပ်ဖွဲ့များကလည်း လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ပြီး မုံရွာမြို့အဝင် စစ်တပ် အထိုင်ဂိတ်နှင့် နီးကပ်သောကြောင့် တပ်ကူ ရောက်နိုင်မှု ရှိနိုင်သောကြောင့် ကာကွယ်ရေး ရဲဘော်များ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို Sun King Envoy Monywa (SKE)နှင့် Democratic Guerrilla Force DGF တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှု မရှိသော်လည်း ထိခိုက် ဒဏ်ရာရရှိသူများ ရှိကြောင်း Sun King Envoy Monywa (SKE) အဖွဲ့က ထုတ်ပြန်ထားသည်။
ထို့ပြင် အောက်တိုဘာလ ၁၆ ရက်နေ့ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် ရေကြည်ရွာ အုပ်ချုပ်ရေးမှူး ဆန်းဝင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။
ပုသိမ်ကြီးမြို့နယ် ရေကြည်ရွာ အုပ်ချုပ်ရေးမှူး ဆန်းဝင်းသည် အကြမ်းဖက် စစ်တပ်က ခန့်အပ်ထားသူ ဖြစ်ပြီး အမည် မသိ သေနတ် သမားများက ပစ်ခတ် တိုက်ခိုက်ခဲ့ကာ သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဓာတ်ပုံ- မုံရွာမြို့ပေါ်တွင် ကင်းလှည့်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်သည်)