30 C
Yangon

အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို မိလ္လာထမ်းခိုင်းမှု ငြင်းဆန်ရာမှ ရိုက်နှက်ခံရ ၊ အိုးဘိုထောင်တွင်လည်း နိုင်ငံရေးအကျဉ်းသူတစ်ဦးကို အကြောင်းမဲ့ တိုက်ပိတ်

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၇

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အင်းစိန်ထောင်တွင် အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားများကို အကျဉ်း ထောင်လူမိုက်နှင့်တန်းစီးများက မိလ္လာထမ်းခိုင်းခံပြီး နိုင်ငံရေးအကျဉ်းသားများက ငြင်းဆန်သဖြင့် တန်းစီးနှင့် လူမိုက်များက နိုင်ငံရေးအကျဉ်းသားများကို ရိုက်နှက်ကြကြောင်း သိရှိရသည်။

“အင်းစိန်ထောင် မှာ နိုင်ကျဉ်းတွေ လူအခွင့်အရေးချိုးဖောက်ခံရပါတယ်။ အောက်တိုဘာလ ၁၀ ရက်နေ့က အဆောင်တိုက်တစ်ခု မှာ နိုင်ကျဉ်းတစ်ဦးကို မိလ္လာ သယ်ခိုင်းပါတယ်။ သယ်ခိုင်းတဲ့သူတွေက အဆောင်က အဆောင်မှူးပေါ့ ၊ အဆောင်မှူးဆိုတာ ရိုးရိုး အကျဉ်းသား တွေပါ။ နိုင်ငံရေးအကျဉ်း သားက မသယ်နိုင်လို့ တာဝန်ခံကို သွားတိုင်ပါတယ်။ အဲဒါကို တိုင်ရမလားဆိုပြီး အဆောင်မှူးဆိုတဲ့သူက ပါးရိုက်ပါတယ်။ ကျန်တဲ့နိုင်ကျဉ်းတွေကလည်း ဝိုင်းပြောပါတယ်။ ဖြစ်တာက အမျိုးသားအဆောင်ပါ။ အဲဒီအဆောင်တာဝန်ခံ နာမည်က ဝင်းလှိုင်ဦးပါ။ အခုက ရိုးရိုးအကျဉ်းသားတွေနဲ့နိုင်ကျဉ်းတွေကို ပြန်တိုက်ပေးနေပါတယ်။ ရောထားတော့ နှိပ်စက်ခံနေရပါတယ်” ဟု အကျဉ်း ထောင်သတင်းရင်းမြစ်က ပြောသည်။

အလားတူ မန္တလေး အိုးဘိုထောင်အတွင်း နိုင်ငံရေး အကျဥ်း သား/သူများ တိုက်ပိတ်ခံရမှု များပြားလာပြီး ပိုမို ဖိနှိပ်ခံလာရကြောင်း သိရသည်။

အောက်တိုဘာလ ၃ ရက်နေ့က အမျိုးသမီး အိမ်ဆောင် ၂ အခန်း ၃ မှ နိုင်ငံရေး အကျဥ်းသူ ၁ ဦးကို အကြောင်းမဲ့ တိုက်ပိတ်ခဲ့ပြီး မည်သည့် အကြောင်းပြချက်မှ မပေးဘဲ တိုက်ပိတ်ခံရသူ အရေအတွက် ပိုမိုများပြားလာကြောင်း သိရသည်။

တိုက်ပိတ်ခံရသော နိုင်ငံရေး အကျဥ်း သား/သူ များမှာလည်း ကျန်းမာရေး၊ စားဝတ်နေရေးအတွက် စိုးရိမ်နေရကြောင်း၊ ပြစ်ဒဏ်တိုက်အတွင်း ခိုင်လုံသော အကြောင်းပြချက် မရှိဘဲ ရောက်ရှိနေသူများကို အမြန်ပြန်ထုတ်ပေးရန် တရားဝင်နည်းလမ်းများဖြင့် တောင်းဆိုခဲ့ကြောင်း၊ တရားဝင် နည်းလမ်းဖြင့် တောင်းဆိုသူများကိုပါ ပြစ်ဒဏ်တိုက် အတွင်းထည့်၍ အကျဥ်းချကာ ဖိနှိပ်မှုများ ပိုမို လုပ်ဆောင်လာကြောင်း သိရသည်။

လက်ရှိအချိန်တွင် လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများ၏ အကူအညီများလည်း အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ- အင်းစိန်ထောင်အတွင်းမြင်ကွင်း။

Photo-AAPP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article