ရန်ကုန်၊ အောက်တိုဘာ ၁၇
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဒုရဲမှူးအသွင်ပြောင်း ကျော်မိုးဦးနှင့် တပည့်တစ်ဦး ထမင်းဆိုင်တွင် ထမင်းစားနေစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း WTRF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အောက်တိုဘာလ ၁၇ ရက်နေ့ မွန်းလွဲပိုင်း ထမင်းဆိုင်တွင် ထမင်းစားနေသည့် ဝမ်းတွင်းမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် နောက်လိုက် တပည့် ထွေအုပ်ဝန်ထမ်း ၁ ဦးကို ပစ်ခတ်ရာမှ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
” မြို့နယ် အုပ်ချုပ်ရေးမှူးက ရဲဘက်ကပြောင်းလာတာသူနဲ့ နောက်လိုက် ၂ ကောင် အပစ်ခံရတာ ၂ ကောင်သေပြီး ၁ကောင်ဒဏ်ရာရ မိတ္ထီလာဆေးရုံ ပို့ထားတယ်လို့ သိရတယ်။ ဝမ်းတွင်း ရွှေနှင်းရီ ထမင်းဆိုင်မှာ ငတ်ကြီးကျနေတဲ့အချိန် ဆော်လိုက်တာပါ။ အုပ်ချုပ်ရေးမှူးနဲ့ နောက်လိုက် ၁ ကောင်က သေသွားတယ်” ဟု WTRF အဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
ပစ်ခတ် တိုက်ခိုက်ခံရပြီး သေဆုံးသွားသော အုပ်ချုပ်ရေးနှင့် နောက်လိုက်များသည် ပြည်သူများကို နှိပ်စက် အကြမ်းဖက် ငွေညှစ် ယုတ်မာခြင်း၊ ပြည်သူ့လစာ စားပြီး ပြည်သူကို မျက်နှာမမူ ခဲ့သည့်အတွက် ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း WTRF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။