29.6 C
Yangon

စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ရမ်းသန်းပစ် ခတ်မှုကြောင့် မင်းပြားတွင် ကျောင်းဆရာမ ၁ ဦးအပါအဝင် ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၇

ရခိုင်ပြည်၊ မင်းပြားမြို့နယ်တွင် ယနေ့အောက်တိုဘာ ၁၇ ရက်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများကြောင့် ကျောင်းဆရာမတစ်ဦးအပါအဝင် ၂ ဦးသေဆုံးမှုရှိသည်ဟု ဒေသခံများကပြောသည်။

သေဆုံးသူ ၂ ဦးမှာ မင်းပြားမြို့နယ်ဖလောင်းပြင်ကျေးရွာမှ အသက် ၂၃ နှစ်အရွယ် မလှဆန်းယဥ်နှင့် မင်းပြားမြို့နယ် ထောင့်ချောင်းကြီးကျေးရွာတွင် တာဝန်ကျနေသည့် အသက် ၄၉ နှစ်အရွယ် ကျောင်း ဆရာမ ဒေါ်မမြစောတို့ဖြစ်သည်။

ဆရာမ ဒေါ်မမြစောမှာ မင်းပြားမြို့ဇာတိဖြစ်ပြီး ယနေ့ ထောင့်ချောင်းကြီးကျေးရွာစာသင်ကျောင်းတွင် စာသင်နေစဥ် လက်နက်ကြီးပစ်ခတ်၍ ထွက် ပြေးရာတွင် လက်နက်ကြီးကျည်စထိမှန်ကာ သေဆုံးသွားခြင်းဖြစ်သည်ဟု ထောင့်ချောင်းကြီးဒေသခံတစ်ဦးကပြောသည်။

“ဆရာမက ဒီမှာတာဝန်ကျနေတာ တော်တော်ကြာပါပြီ။ ကျိန်းတောင်မှ တပ်စွဲထားတဲ့ စစ်ကောင်စီဖက်က လက်နက်ကြီးတွေပစ်တော့ ကျောင်းကစာသင်နေရင်းထွက်ပြေးကြတာ။ အဲ့မှာ ကျည်စက နောက်ကနေ ရင်ဘတ်ကိုဖောက်ထွက်သွားတာပါ” ဟုပြောသည်။

လက်ရှိသေဆုံးသူ ကျောင်းဆရာမ၏ ရုပ်အလောင်းကို ဇာတိမင်းပြားမြို့သို့သယ်ယူရန် ပြင်ဆင်နေသော်လည်း ဘူးပင်ကျေးရွာမှစတင်၍ စစ်ကောင်စီတပ်က ဖြတ်သန်းခွင့်ပိတ်ထားသည့်အတွက် အလောင်းသယ်မရဖြစ်နေသည်ဟု ကျေးရွာသားများကဆိုသည်။

ဖလောင်းပြင်ကျေးရွာမှ သေဆုံးသူ မလှဆန်းယဥ်မှာ နေ့လည် ၁ နာရီဝန်းကျင်ကစ၍ ပေါင်တွင် ဒဏ်ရာအပြင်းထန်ရရှိထားသူတစ်ဦးဖြစ်ပြီး ဆေးရုံသို့သွားလာ၍မရသည့်အတွက် သေဆုံးသွားရခြင်းဖြစ်သည်ဟု ဖလောင်းပြင်ဒေသခံ တစ်ဦးကပြောသည်။

“သူက ဒဏ်ရာပြင်းတယ် ဆေးရုံဆေးခန်းတွေပို့ဖို့ကလည်း လမ်းတွေပိတ်ထားတော့ သွားလာလို့မရဘူး။ ဒဏ်ရာကို ဒီအတိုင်းပဲထားရတာ။ နာရီပိုင်းလောက်ကြာတော့ သေသွားရရှာတယ်” ဟုပြောသည်။

ယနေ့အောက်တိုဘာ ၁၇ ရက် စစ်ကောင်စီတပ်မှ လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုကြောင့် လက်ရှိ သေဆုံးသူနှင့် ဒဏ်ရာရရှိခဲ့သူများမှာ ဖလောင်းပြင်ကျေးရွာမှ သေဆုံးသူ ၁ ဦးနှင့် ဒဏ်ရာရသူ ၃ ဦး၊ ဘူးပင်မှ ၄ ဦး၊ ဆားပြင်ကြီးမှ ၅ နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် ဒဏ်ရာရသူ ၄ ဦး၊ ထောင့်ချောင်းကြီးမှ သေဆုံးသူ ကျောင်းဆရာမ ၁ ဦး တို့ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလနှင့် ယခု အောက်တိုဘာလ ပထမအပါတ်အထိ မင်းပြားမြို့နယ်တွင် ကြပ်စင်တံတားတွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်နှင့် မင်းပြားကျိန်းတောင်အနီးရှိ တောင်တွင်အထိုင်ချထားသည့် စစ်ကောင်စီ လက်နက်ကြီးစခန်းမှ ပစ်ခတ်မှုကြောင့် ခေါင်းလောင်းချောင်း၊ စက္ကရေနှင့် ဖလောင်းပြင် ကျေးရွာတို့မှ ထိခိုက်သေဆုံးသူအများအပြားရှိခဲ့သည်။

ယနေ့အောက်တိုဘာ ၁၇ ရက်နေ့ မွန်းလွဲပိုင်းအချိန်ခံက စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ ကြပ်စင်တံတားအနီးတွင် တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပြီး ထိုနောက်ပိုင်းတွင် ကျေးရွာများသို့ဦးတည်၍ မင်းပြားမြို့ရှိ ခမရ ၃၇၉၊ ၃၈၀၊ ၅၄၁ စသည့်တပ်ရင်းများမှ လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်လာခဲ့ခြင်းဖြစ်သည်။

ရခိုင်ဒေသတွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့၏ တကျော့ပြန်တိုက်ပွဲကာလအတွင်း စစ်ကောင် စီဘက်မှ ပစ်ခတ်သည့် လက်နက်ကြီး လက်နက်ငယ်များကြောင့် အရပ်သားသေဆုံးသူ ၁၀ ဦးခန့်အထိရှိလာနေပြီး ထိခိုက်ဒဏ်ရာရသူ ၃၀ ခန့်အထိရှိနေပြီဖြစ်သည်။

(Western News- WNသည် ရန်ကုန်ခေတ်သစ်မဟာမိတ် ဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article