ရန်ကုန်၊ အောက်တိုဘာ ၂၃
ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော်နှင့်ကော့ကရိတ်ဘက်သို့ ညသန်းခေါင်အချိန် အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်နေကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။
အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် ၀၀ နာရီအချိန် အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ် ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ပြီး မြဝတီမြို့ပေါ်မှ ပေါက်ကွဲသံများ ကြားနေရကြောင်း သိရသည်။
” လေးကေ့ကော်ဘက်က ပေါက်ကွဲသံတွေကြားရတယ်။ အိမ်တွေတောင် တုန်တယ်။ တိုက်လေယာဥ် ၂ စီးနဲ့ ဗုံးကျဲနေတာလို့ သိရတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။
ကော့ကရိတ်ဒေသခံတစ်ဦးကလည်း လေယာဉ်ပျံသံများကြားရပြီး ဗုံးကျဲသံများကြားရသော်လည်း မည်သည့်နေရာကို ဗုံးကျဲနေသည်ကို မသိရှိရသေးဟု ပြောဆိုသည်။
ဓာတ်ပုံ- ညအချိန် ပျံသန်းသည့် အကြမ်းဖက်စစ်တိုက်လေယာဉ်။ (ပုံအဟောင်းဖြစ်သည်)